ဇွန်-၂၉၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ်သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ်၊ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သဲအင်းရွာတိုက်ခိုက်စဉ်မှာ စစ်သား ၁ဦးအသေရပြိး စစ်တပ်က ကင်းစောင့်ခိုင်းထားတဲ့ ရွာသား (စစ်တပ်ကင်း)တွေကိုလည်း ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“စစ်တပ်က စပြီးရွာထဲဝင်ကတည်းက ရွာသားတွေက သူတို့ကိုအလှည့်ကျ ကင်းစောင့် ပေးရတာ။အဲဒီကင်းထဲက ၂ယောက် သေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်သားတွေကတော့ သဲအင်းရွာရဲ့ တောင်ဘက်က စစ်တပ်အထိုင်ချထားတဲ့ ကျွန်းကြီးရွာဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စစ်တပ်က Mi-35နဲ့ ကျေးရွာပတ်လည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးထိမှန်ကာ ခြေနှစ်ဖက်ပျက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ မတ္တရာမြိုနယ်က ရှင်လှရွာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး ထပ်မနည်းသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ ပူးပေါင်းတပ်က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်တပ်က ထုံးကြီးရွာရဲစခန်းကနေ တောင်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီးတစ်လုံးဟာ ဆင်သေကျေးရွာရဲ့အနောက်ဘက်က ဧရာဝတီမြစ်ထဲကို ကျခဲ့ပြီး နောက်ထပ်လက်နက်ကြီးဟာ ကျွန်းဦးရွာအတွင်းကျကာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
စစ်တပ်နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော၂စီး ဆန်တက်လာပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီသင်္ဘောတွေဟာ မတ္တရာ၊ဝက်လက်နဲ့စဉ့်ကူးမြို့နယ်အစပ်က အင်ဒေါင်းရွာအနီးရပ်တန့်ထားပြီး တခါတရံမြစ်ကို အစုန်၊အဆန်လုပ်ကာ မြစ်ကမ်းဘေးကို လိုက်လံပစ်ခတ်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။
စစ်သင်္ဘောတက်လာချိန် တံတားဦးနဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးရွာ၊ရေလယ်ကျွန်းရွာ၊ဝက်လက်မြို့နယ်က စဉ့်ကိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းရွာ လေကြောင်းတိုက်ခံရမှုမှာ အသက်(၂၆)နှစ်အရွယ် အမျိုးသားလက်ကောက်ဝတ်ပြတ်သွားပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးလည်း လက်မောင်းအရင်းပြတ်ကာ ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ၂၈ ရက်မှာတော့ မတ္တရာမြို့ကနေ ကားတွေနဲ့ တိုက်ခိုက်ခံရတဲ့ရှင်လှနဲ့ သဲအင်းကျေးရွာတို့ကို အင်အားတိုးကာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့က နေ့လည် ၁၂နာရီ ဝန်းကျင်မှာလည်း ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်လမ်းစုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လည်၂နာရီကျော်မှာ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ကာ စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ကျေးရွာအရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ (၆)နှစ်အရွယ် မဂျူးဂျူးနဲ့ (၁၄)နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ ၂ဦး၊ အသက်(၂၀)အရွယ် မောင်နိုးနိုး၊ (၅၀)အရွယ် ဒေါ်သင်း၊ (၅၂)နှစ်အရွယ် ဒေါ်ဝင်း၊ (၄၀)အရွယ် မဝင်းဝင်းစိုးနဲ့ (၈)နှစ်အရွယ်သားဖြစ်သူနဲ့ (၅)နှစ်အရွယ် သမီးဖြစ်သူတို့ ၈ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ အခြေအနေ ပြန်ငြိမ်နေပေမယ့် သဲအင်းအပါအဝင် ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။


















































