ဇွန်-၂၉၊၂၀၂၆။မိုမို/People’s Spring
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီခွဲ၀န်းကျင်က နန်းမယ်ခုံမြို့ အနီး ဆင်တောင်နဲ့ ဝီသဲကူးရွာကြားကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး ၈လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“လေယာဥ်သံတွေ မကြားလိုက်ရဘဲ ကွဲမှသိရတာ။ လူ အထိခိုက်ကတော့ လိုက်ရှာနေတုန်းပဲ။နေအိမ် ၂လုံးတော့ လုံး ၀ပျက်စီးသွားတယ်”လို့ နန်းမယ်ခုံမြို့ အနီးနေထိုင်သူ အသက်(၄၀)အရွယ်အမျိုးသမီးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
မနေ့က (ဇွန်လ၂၈ရက်) လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာလို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။
“မြေပြင်မှာ သေနေကြတော့ လေယာဉ်သုံးတာပေါ့။အရပ်သားနေတဲ့ နေရာတွေ ဘာတွေနားမလည်တော့ဘူး။အရင်ကလည်း နားလည်တာမဟုတ်ပါဘူး။ကိုယ့်ဘက်က သတိဝိရိယ ပိုထားဖို့တော့လိုတယ်”လို့ သူက ပြောပါတယ်။
အခုဇွန်လ ၂၄ ရက်ကလည်း နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုအတွင်း (၁၀)နှစ်၀န်းကျင် ကလေး ၂ဦး သေဆုံးခဲ့ရပါတယ်။
စစ်တပ်က မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ပြန် လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးတဝိုက်မှာပဲ ရပ်တန့်နေရပါတယ်။
“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မိုးဗြဲမြို့နဲ့ မိုင် ၂၀၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။


















































