ဇူလိုင်-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့အနီးမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဧရိယာနဲ့ မဆိုင်တဲ့ ဖောင်းပြင်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ရွှေပြည်အေးမြို့အနီးမှာဇူလိုင်လဆန်းကစတင်ပြီး တိုက်ပွဲဖြစ်နေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တမူးဘက်မှာတိုက်ပွဲတွေပြင်းထန်ပြီးနောက်ပိုင်း စစ်တပ်စစ်ကြောင်းတွေက ရွှေပြည်အေးဘက်ကိုလည်း ဝင်လာတယ်။တိုက်ပွဲက ရွှေပြည်အေးနားမှာ ဖြစ်နေတယ်။ လေကြောင်းလည်းဝဲတယ်”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement
ရွှေပြည်အေးမြို့နဲ့ မိုင်၃၀ခန့်ဝေးတဲ့ ဖောင်းပြင်မြို့ထဲက ရွှေမျောလုပ်ငန်းတွေရှိတဲ့နေရာကို ဇူလိုင်လ၆ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးတဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖောင်းပြင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံကဆက်ပြောပါတယ်။အရပ်သားနေထိုင်ရာအဆောက်အအုံပျက်စီးမှုတွေလည်းရှိတယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ။ ဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခမ်းပါတ်မြို့မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်က ချင်းတွင်းမြစ် ကြောင်းကိုအသုံးပြုပြီး ဟုမ္မလင်းမြို့အပါအဝင် အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ရိက္ခာနဲ့စစ်ကူတွေပို့နေပါတယ်။
စစ်တပ်ကအရပ်သားတွေကိုပစ်မှတ်ထားဗုံးကြဲနေပြီးဖောင်းပြင်မြို့နယ်အပြင်ဟုမ္မလင်းမြို့နယ်၊မော်လိုက်မြို့နယ် နဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။


















































