ဇူလိုင်-၇၊၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)-MDY PDF အနေနဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေကို အပြည့်အ၀ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းဒီကနေ့မှာထုတ်ပြန်ပါတယ်။
MDY PDF အနေနဲ့ တပ်တစ်ခုလုံး အတိုင်းအတာ ပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းလုပ်ငန်းစဉ်တွေ နဲ့ စစ်ရေးနိုင်ငံရေးစွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းစဉ်များ ပြုလုပ်နေတာမို့ဒီကာလမှာ စစ်ဆင်ရေးကို အကန့်အသတ်နဲ့ သာ ဖော်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ယခုအခါ မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ဆင်ရေးများကိုအပြည့်အဝ ဖော်ဆောင်သွားမည်ဖြစ်သည်”လို့ ဇူလိုင် ၇ ရက်မှာထုတ်ပြန်ပါတယ်။

Public Service Announcement
စွမ်းရည်မြှင့်သင်တန်းတွေ လုပ်ခဲ့တာ လေးလကြာမြင့်ခဲ့ပြီး အဲဒီကာလအတွင်းပြန်လည်စုဖွဲ့လေ့ကျင့်မှုသင်တန်းအပတ်စဥ်(၂)ခု နဲ့ အခြားသော စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ရှေ့ဆက်ထမ်းဆောင်ရမယ့်တော်လှန်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်လို့ဖော်ပြ ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲများကို မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြထားပါတယ်။
MDY PDFဟာနွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့တပ်ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ ”အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေပါတယ်။
တပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် မဟာမိတ် EROတွေ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းကာ ဝါဆို စစ်ဆင်ရေး၊ သပြေညိုစစ်ဆင်ရေး၊ ၁၀၂၇ အပိုင်း(၁) စစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)မှာတော့ ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း နယ်တွေကစစ်တပ်စခန်း၊တပ်ရင်း ပေါင်းများစွာကိုသိမ်းပိုက်ပြီးနယ်မြေတွေကိုထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က ၂၀၂၅ခုနှစ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာလို့ထိန်းချုပ်နယ်မြေတွေ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။


















































