■အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးဖို့ပေးဖို့ပြင်သစ်သမ္မတတောင်းဆို
■ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရား ဖမ်းဆီးခံခဲ့ရသူအားလုံးခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်ထပ်မံတိုက်တွန်း
ဇူလိုင်-၉၊၂၀၂၆။နေ့သစ်၊ထားမြတ်/People’s Spring
မတရား ပြစ်ဒဏ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အတွက်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်က သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof of Life လှုပ်ရှားမှုကို ထောက်ခံခဲ့တဲ့အတွက် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်)က လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

ကိုထိန်လင်းက သူ့ဆီကို သမ္မတ မာခရွန် ပေးပို့လိုက်တဲ့ အကြောင်းပြန်စာကိုလည်း ဇူလိုင် ၉ ရက်နေ့က Facebookပေါ်မှာ မျှဝေထားခဲ့ပါတယ်။ “ကျွန်တော်တို့မိသားစု ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးတဲ့အတွက်၊ Proof of Life လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့အတွက်၊ နောက်ပြီး မေမေ့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေတွေနဲ့ တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို လေးစားရမယ်ဆိုတာကို ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”လို့ ကိုထိန်လင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
မာခရွန်က ကိုထိန်လင်းဆီ လိပ်မူ ပေးပို့ခဲ့တဲ့ စာထဲမှာတော့ ဥရောပနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေတဆင့် သူ့ဆီကို ကိုထိန်လင်းက မေလဆန်းမှာ ပေးပို့ခဲ့တဲ့ စာကို ကျေးဇူးတင်စွာ လက်ခံရရှိကြောင်း၊ အာဏာသိမ်း စစ်တပ်က သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲ သတ်မှတ်လိုက်တယ်ဆိုတဲ့ ကိစ္စကို သတိပြုမိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားဟာ မနှစ်က အောက်တိုဘာ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးသားခဲ့တဲ့ စာမှာ ဖော်ပြထားတဲ့ တောင်းဆိုချက်အတိုင်း ဆက်လက် တည်ရှိနေကြောင်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အာဏာသိမ်းမှုအပြီး မတရား ဖမ်းဆီးခံခဲ့ရသူအားလုံးခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရေးကို ပြင်သစ်က ဆက်လက် တောင်းဆိုကြောင်း၊ဒါဟာအစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာရေးလိုအပ်တဲ့ ကြိုတင်သတ်မှတ်ချက်တစ်ခုလည်းဖြစ်ကြောင်း မာခရွန်ကရေးသားထားပါတယ်။နောက်ပြီးနိုင်ငံရေး အကျဉ်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ရှေ့နေတွေနဲ့ တွေ့ဆုံ ဆက်သွယ်ခွင့်တွေ အပါအဝင် အခြေခံ အခွင့်အရေး အားလုံးကို လေးစားပေးဖို့ လိုတယ်လို့လည်း မာခရွန်က ဆိုပါတယ်။
ပြီးတော့ Proof of Life လှုပ်ရှားမှုကို ကြိုဆို ထောက်ခံကြောင်းနဲ့ အကျဉ်းကျခံ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေတဲ့ ကိုထိန်လင်းရဲ့ ပူပန်မှုကို မျှဝေ စာနာနိုင်ကြောင်း မာခရွန်က ရေးသားထားပါတယ်။ ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးဖို့ ပြင်သစ် အစိုးရက အားပေးထောက်ခံ တောင်းဆိုနေတယ်လို့ မာခရွန်က ဆိုပါတယ်။
ပြင်သစ်ဟာ အခုနှစ် ဧပြီ ၂၇ ရက်နေ့တုန်းက အာဏာသိမ်း စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ အလိုအလျောက် တစ်နှစ်ထပ်တိုးတဲ့ ဥရောပ သမဂ္ဂ (EU) ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ အကြောင်းလည်း မာခရွန်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီ အရေးယူ ပိတ်ဆို့မှုတွေဟာမြန်မာနိုင်ငံမှာလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုကို နှောင့်ယှက်ထိခိုက်စေမှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ရည်ရွယ်ထားတာလို့လည်း စာထဲမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ကိုယ်ပိုင်အခွင့်အရေးတွေ ပြန်လည်ရရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးအတွက် ပြင်သစ်ဟာ ဥရောပနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး အားသွန်ခွန်စိုက် ဆက်လက် ကြိုးစားနေမယ်လို့လည်း မာခရွန်က အာမခံထားခဲ့ပါတယ်။
ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် စိုးရိမ်နေမှုနဲ့ ပတ်သက်ပြီး “ဒီနေ့အထိ ကျွန်တော်တို့မိသားစုဟာ ကျွန်တော့်အမေနဲ့ အဆက်အသွယ် လုံးဝမရသေးပါဘူး။ မေမေ အသက်ရှင်နေသေးလားဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်”လို့ Facebookမှာ ရေးသားထားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့အတူ ဆက်ပြီး ရပ်တည်ပေးနေတဲ့ သမ္မတ မာခရွန်၊ ပြင်သစ် အစိုးရနဲ့ ပြင်သစ်ပြည်သူ အားလုံးကိုလည်း သူ့အနေနဲ့ စိတ်နှလုံးသားထဲက အထူးကျေးဇူးတင်ပါတယ်လို့ ကိုထိန်လင်းရဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်သမ္မတထံက စာကို လက်ခံရရှိတဲ့အတွက်၊ ဗမာပြည်သူတွေအပေါ် ပြင်သစ်နိုင်ငံက မူဝါဒခိုင်ခိုင်မာမာနဲ့ အမြဲတမ်းရပ်တည်ပေးနေတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းကသူ့ရဲ့ဖေစ်ဘွခ်ကတဆင့် ရေးသားအသိပေးပါတယ်။
“ကျနော်တို့မိသားစု ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးတဲ့အတွက်၊ Proof of Life လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့အတွက်၊ နောက်ပြီး မေမေ့ကိုမိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေတွေနဲ့ တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို လေးစားရမယ်ဆိုတာကို ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုခဲ့တာကို ပြင်သစ်နိုင်ငံက ထောက်ခံခဲ့တဲ့အပေါ် အားတက်ရတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။
“ကျနော့်အမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာလည်း ကျွန်တော့်အတွက် အားတက်စရာပါ” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
မိသားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့အထိ လုံး၀ အဆက်အသွယ်မရသေးကြောင်းလည်း ကိုထိန်လင်းက ထပ်လောင်းအသိပေးပါတယ်။
“မေမေ အသက်ရှင်နေသေးလားဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ရပ်တည်ချက်နဲ့လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။ ဗမာပြည်နဲ့အတူ ဆက်ပြီး ရပ်တည်ပေးနေတဲ့ သမ္မတ မက်ခရွန်၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူအားလုံးကို ကျွန်တော်စိတ်နှလုံးသားထဲက အထူးကျေးဇူးတင်ပါတယ်။” လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့အဆက်အသွယ်ရရှိဖို့၊ မိခင်ဖြစ်သူ လွတ်မြောက်ဖို့အတွက် လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။


















































