Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်း စစ်တပ် ဗုံးကြဲနေ

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(တိုက်ပွဲဖြစ်နေတဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းနေရာတွေကို စစ်တပ်က ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - CJ)

ဇူလိုင်-၁၁၊ ၂၀၂၆။မိုမို/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၁၁ ရက်)မနက်ပိုင်း က ဂျက်ဖိုက်တာ နဲ့ Y 12 လေယာဉ်တွေသုံးပြီး မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံ ဒေသတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက ငြိမ်နေတယ်။လေကြောင်းကတော့ လာနေတုန်းပဲ မနက်က ဖိုက်တာနဲ့လာကြဲပီးတော့ Y 12နဲ့ထပ်လာ ကြဲတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြဝတီမြို့တောင်ဘက်ခြမ်းတိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူများနေတယ်လို့ ကရင်တော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“ဖလူး၊မင်းလက်ပံကို အသည်းအသန်လိုချင်လို့ ဒီဘက်ခြမ်းက ခုခံတဲ့နေရာတွေကို အတင်းထိုးတက်နေတာ။အဲဒါကြောင့် ထိတဲ့သူ ၁၀၀ လောက်ရှိတဲ့ သတင်းက နည်းတောင်နည်းဦးမယ်”လို့ သူက ပြောပါတယ်။

ဇူလိုင် ၁၀ရက်ကလည်း ဖလူးနဲ့ မင်းလက်ပံရွာအပြင် ဝေါ်လေဗျူဟာကုန်းဘက်ကိုလည်း စစ်တပ်ကဗုံးကြဲခဲ့ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က နယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ပြီးစောင့်ကြည့်နေပါတယ်။

ဒါ့အပြင် ထိုင်းစစ်တပ်က ဇူလိုင် ၁၀ ရက်မှာ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်တွေကို နေရာရွှေ့နေဖို့ လိုက်လံအသိပေးခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာပဲ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်အဖွဲ့တွေကို စစ်ကူခေါ်လာခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒဏ်ရာရသူတွေနဲ့ ရုပ်အလောင်းတွေကို ဖားအံမြို့နယ်က စစ်တပ်ရဲ့ တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကိုတော့စုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပါဘူး။

စစ်တပ်ဟာ ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။

စစ်တပ်က ဖလူး၊မင်းလက်ပံဒေသကိုထိန်းချုပ်ပြီး နယ်စပ်မှစစ်ရေးအစအရေးပါတဲ့ ဝေါလေဗျူဟာမကျအောင် စစ်ကူပို့နိုင်ဖို့လည်းကြိုးစားနေတာပါ။ ဝေါလေဗျူဟာကိုKNLA ၊ PDF နဲ့ မဟာမိတ်တပ်တွေကလပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် လေကြောင်းတစ်ခုတည်းကပဲ အစားအသောက်နဲ့ လက်နက်ရိက္ခာတွေကိုပို့နိုင်တော့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆွေးနွေးမှုမျိုး မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။