ဇူလိုင်-၁၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ဒေသခံကူညီရေးအဖွဲ့တွေနဲ့ ULA/AA လက်အောက်ခံကယ်ဆယ်ရေးအဖွဲ့တွေ မြို့အနှံ့ ရေဘေးသင့်ပြည်သူတွေကို ကူညီ၊ ပြောင်းရွှေ့ပေးနေချိန် ရေနစ်နေတဲ့ ရိုဟင်ဂျာကလေးငယ်ကိုတွေ့ပြီး ကယ်တင်ခဲ့ကြတာပါ။
“ရေက လေးပေလောက်ထိ တက်နေတော့ ကလေးကနစ်နေတာ၊အဲဒါကို မြင်ပြီး အစိုးရ ကယ်ဆယ်ရေးအဖွဲ့ကတယောက်မြင်ပြီး ကယ်လိုက်နိုင်တာ။အသက်တချောင်း ဘေးကင်းသွားတာပေ့ါ။ မိဘတွေလည်း တော်တော်ကျေးဇူးတင်နေကြတယ်” လို့ ဘူးသီးတောင်မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

AA လက်အောက်ခံအဖွဲ့တွေ ကယ်လိုက်နိုင်တဲ့ ရိုဟင်ဂျာကလေးငယ်ဟာ ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်မှ ဦးအာဘူဆောင်းနဲ့ ဒေါ်ဖာတမာတို့ရဲ့သား အာရ်မာန်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းကဘူးသီးတောင်၊မောင်တော၊ရသေ့တောင်၊မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ ရေကြီးနေတာဖြစ်ပြီး လက်ရှိမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်မြို့နယ်တို့ ရေပြန်ကျနေပြီဖြစ်ပေမယ့် ဘူးသီးတောင်မြို့မှာတော့ ရေတက်နေဆဲဖြစ်ပါတယ်။
“ရေက ကျသွားပြီ။ သွားလို့လာလို့ရနေပြီ။ ဒါပေမယ့် နွံနစ်တွေ၊ အမှိုက်သရိုက်တွေတော့ ကျန်နေသေးတာပေ့ါ” လို့ မင်းပြားမြို့ခံလူငယ်တဦးကပြောပါတယ်။
ရေကြီးမှုဖြစ်စဉ်အတွင်းမင်းပြားမြို့ပေါ်လေးမြို့မြစ်ကမ်းဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း သုံးဆယ်ဝန်းကျင်ဟာ ကမ်းပြိုမှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ အလားတူပဲ ကျောက်တော်၊ မောင်တောမြို့နယ်တို့မှာလည်း နေအိမ်နဲ့ လမ်းပိုင်းအချို့ ပျက်စီးမှုရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနဲ့ ရမ်းဗြဲမြို့နယ်တို့မှာလည်း ရေအနည်းငယ်တက်နေတာတယ်လို့ ဒေသခံတွေက ပြောကြတယ်။
“သံတွဲချောင်းရေတက်နေတယ်။ ရမ်းဗြဲမှာလည်း မြို့ထဲ ရေတက်နေတယ်ပြောတယ်။ ဒီဘက်မှာပါ ရေကြီးမလား မသိဘူး။ မနှစ်ကလည်း သံတွဲမှာ ရေကြီးလို့ တမြို့လုံးနီးပါး ရွှေ့ပြောင်းခဲ့ရသေးတယ်” လို့ သံတွဲမြို့နယ်မှ လူမှုကူ ညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မြာက်ပိုင်း မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ ပြီးခဲ့တဲ့တပတ်ကတည်းက ရေကြီး နေခဲ့တာဖြစ်ပြီး ရေးဘေးသင့်ပြည်သူတသိန်းကျော်ရှိကာ ရေစီးကြောင့်မျောပါသေဆုံးရသူဟာလည်း ခြောက်ဦး ထက်မနည်းရှိခဲ့ပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ULA/AA လက်အောက်ခံအဖွဲ့တွေနဲ့ ဒေသတွင်းကူညီရေးအဖွဲ့တွေက အရေး ပေါ်ရွှေ့ပြောင်းပေးခဲ့ကြပြီးစားနပ်ရိက္ခာ၊ဆေးဝါးတွေ အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ ပြောကြပါတယ်။
ရက်ဆက်မိုးရွာနေတာ နှစ်ပတ်ကျော်လာခဲ့ပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လာမယ့် ဇူလိုင်လ ၂၃၊ ၂၄ ရက်နေ့ ထိ ရေဆက်ကြီးနိုင်သေးတယ်လို့ မိုးလေဝသသတင်းတွေ အမြဲစောင့်ကြည့်သတိပေးနေတဲ့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှု ကွန်ရက်ကတဆင့် သတိပေးထားပါတယ်။


















































