Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရေကြီးမှု ငါးရက်ကြာအထိ ရေပြန်မကျဘဲ မိုးကောင်းနေဆဲ၊ သေဆုံးသူ ထပ်တိုးနေ

မိုးကြီးလို့ စစ်ရှောင်တွေ အငတ်ဘေးကြုံ

(ရခိုင်ပြည်နယ်မှာ ရေကြီးနေလို့ ပြည်သူတွေ ‌ရွှေ့ပြောင်းနေကြစဉ်။ ဓါတ်ပုံ - ဒေါ်ထုမေ/Facebook)

ဇူလိုင် ၁၁၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့အတွင်း ရေကြီးနေတာဟာ ၅ရက်တိုင်ရှိလာပြီဖြစ်ပေမယ့် ရေပြန်မကျသေးတာကြောင့် စားနပ်ရိက္ခာအခက်ကြုံရသူတွေများလာကာ ရေထဲမျောပါသေဆုံးသူဟာလည်း ၆ ဦး ထက်မနည်းရှိလာပြီဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်မြို့နယ် ၇ ခုဖြစ်တဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေမြင့်တက်မှုကြောင့် ရေအမြင့် ၃ ပေ ကနေ ၆ ပေကျော်လောက်ထိ မြင့်တက်ပြီး လူဦးရေ ၁သိန်းကျော် ရေဘေးသင့်နေတာပါ။

” ရေကြီးတာက ဒီနေ့နဲ့ဆိုရင် လေးရက်ကနေ ငါးရက်ဘက်ကို ဝင်လာပြီဖြစ်ပါတယ်။ ရေက မကျသေးဘူး။ တချို့ နေရာတွေမှာ ကျတယ်။ တချို့ဘက်တွေမှာကျ သိပ်မကျသေးဘူး။ လေးမြို့(မြစ်)ဘက်မှာ နည်းနည်းကျတယ်။ ကု လားတန်မြစ်ရေလည်း နည်းနည်းလျော့တယ်လို့ကြားပါတယ်။ သို့သော် မြစ်၀ဘက်မှာတော့ ရေက ထင်သလောက် မဆင်း(ကျ)သေးဘူး” လို့ မြေပြင်မှာ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေကြီး၊ရေလျှံမှုကြောင့် ကုလားတန် ၊ လေးမြို့၊ မယူမြစ်နဲ့ အဲဒီမြစ်တွေရဲ့ မြစ်လက်တက်တွေတလျှောက်ရှိ မြောက်ဦးမြို့ပေါ်၊ ကျောက်တော်မြို့ပေါ်၊ မင်းပြားမြို့ပေါ်တို့နဲ့ ကျေးရွာ ၁၀၀ ကျော်က ပြည်သူတွေ အရေးပေါ်ရွှေ့ ပြောင်းနေ ကြရတာဖြစ်ပါတယ်။

ရန်ကုန် – စစ်တွေကားလမ်းမပေါ် ကျောက်တော် – မြောက်ဦးလမ်းပိုင်းနဲ့ မြောက်ဦး – ကျောက်တော်လမ်းပိုင်းတို့မှာ ကားလမ်းမပေါ်ရေမြင့်တက်နေဆဲဖြစ်ပြီး ကား၊ ဆိုင်ကယ်တွေ သွားလာလို့မရသေးသလို ရေးဘေးကြောင့် အရေး ပေါ်ပြောင်းရွှေ့ထားကြရတဲ့ကျေးရွာတွေမှာလည်း ရေမကျသေးတာကြောင့် အိမ်မပြန်နိုင်ကြသေးပါဘူး။

” ဖုံသာချောင်းထဲကရွာတွေဆိုရင် ရေလုံး၀မကျဘူး။ ညတုန်းကဆိုရင် ထပ်တောင်တက်လာသေးတယ်။ အခု ခုနစ် ပေကျော်၊ ရှစ်ပေလောက်တောင် ရှိတော့မယ်။ သောက်ရေကန်တွေလည်း အကုန်မြုပ်ပြီးတော့ သောက်စရာရေမ ရှိဘူး” လို့ မင်းပြားမြို့နယ် ဖုံသာချောင်းဒေသခံတဦးက ပြောပါတယ်။

အဲဒီလို မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေပါ ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာကာ ရေကြီးပြီး မြစ်ရေ၊ ချောင်းရေ ရေစီးသန်တာကြောင့် မျှောပါသေဆုံးသူဟာလည်း ဒီနေ့ထိ ကျောက်တော်မြို့ နယ်မှာ ၃ ဦး၊ မြောက်ဦးမြို့နယ်မှာ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၁ ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ ၁ ဦး၊ စုစုပေါင်း ၆ ဦးထိရှိပြီဖြစ်တယ်လို့ ဒေသခံကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

“ဘယ်ကမှန်းမသိဘဲ အလောင်းတွေမျောလာတာတွေလည်း ရှိနေတော့ လူသေဆုံးမှုက များနိုင်တယ်” လို့ကျောက် တော်မြို့မှ ရေဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ လူငယ်တဦးက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဒေသခံအရပ်ဖက်အဖွဲ့တွေနဲ့ AA လက်အောက်ခံဌာနဆိုင်ရာတွေက ကူညီရွှေ့ပြောင်း ပေးနေပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

“လတ်တလောလိုအပ်ချက်ကတော့ စားနပ်ရိက္ခာ လိုအပ်မယ်၊ ဆေးဝါးလိုအပ်ပါမယ်။ ဆေးဝါးကတော့ နာတာရှည် ရောဂါသမားတွေ၊ အသက်ကြီးပိုင်းတွေ၊ ပြီးရင် ရေဘေးရှောင်နေရတဲ့အတွက် ရာသီဥတုကြောင့် ဖျားနာတာတွေ ရှိ တဲ့အတွက်ကြောင့် အဲဒီလူတွေအတွက်ကတော့ ဆေးဝါးအရေးပေါ်လိုအပ်မယ်လို့ မြင်မိပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ရေဘေးသင့်ဒေသတွေအပြင် ရေဘေးမသင့်တဲ့ ပေါက်တော၊ မြေပုံစတဲ့မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခ သည်တွေဟာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အလုပ်ထွက်မလုပ်နိုင်ဘဲ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“မုန့်တီဆိုင်မှာ မုန့်တီညှစ်တယ်။ တခြား ကြုံရာကျပန်းအလုပ်တွေ အကုန်လုပ်ပြီး စားနေကြတာ။ ကယ်ဆယ်ရေး လည်းမရဘူးလေ။ အခု မိုးရွာနေတော့ အလုပ် မလုပ်ရဘူး။ ညနေအတွက် ဆန် ချက်ဖို့မရှိသေးဘူး။ အလှူခံထွက်ဖို့ စဉ်းစားနေတယ်” လို့ မြေပုံမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရက်ဆက်မိုးရွာနေတာ နှစ်ပတ်ကျော်လာခဲ့ပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မိုးဆက်ကြီးနိုင်ပြီး မြစ်ရေလျှံမှုနဲ့ လျှပ်တပြက်ရေကြီးမှုတွေ သတိပြုဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေအပြင် တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ သံတွဲချောင်းရေဟာလည်း တဖြေးဖြေးမြင့်တက်လာနေပြီး မိုးဆက်ရွာနေမယ်ဆိုရင် သံတွဲမှာပါ ရေကြီးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။