Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ လူဦး​ရေတစ်သိန်း​ကျော် ရေဘေးသင့်၊ အရေးပေါ်အကူအညီလိုအပ်​နေ

ချင်းပြည်နယ်ပလက်ဝ နဲ့ ရခိုင်မြို့နယ် ၇ ခုမှာစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအပါအဝင် ရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၀၀ ကျော်မှာ ရေကြီးနေပြီး လူထောင်ချီ ရွှေ့ပြောင်းနေရကာ ​ရေ​ဘေး​ကြောင့် လူသုံးဦးထက်မနည်း​သေဆုံးခဲ့​ကြောင်းဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်-၁၀၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

ချင်းပြည်နယ်ပလက်ဝ နဲ့ ရခိုင်မြို့နယ် ၇ ခုမှာစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအပါအဝင် ရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၀၀ ကျော်မှာ ရေကြီးနေပြီး လူထောင်ချီ ရွှေ့ပြောင်းနေရကာ ​ရေ​ဘေး​ကြောင့် လူသုံးဦးထက်မနည်း​သေဆုံးခဲ့​ကြောင်းဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာ နှစ်ပတ်ကျော်လာပြီဖြစ်ပြီး ကုလားတန် ၊ လေးမြို့၊ မယူမြစ်တို့နဲ့ အဲဒီ မြစ်တွေရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ သရီချောင်း ၊ ဖုံသာချောင်း ၊ မင်းဖူးချောင်း၊ စမ္မတီးချောင်းရေတို့ မြင့်တက် ကာရေအမြင့် ၃ ပေကနေ ၆ ပေ ဝန်းကျင်ထိ ရေတက်လာတာလို့သိရပါတယ်။

“ရေဘေးသင့်တာကတော့ လူတစ်သိန်း ၊ တစ်သိန်းကျော်လောက် ရှိတော့မယ်၊ အရေးပေါ် ပြောင်းရွှေ့ထားရတာကလည်းထောင်ချီနေပြီ၊စစ်ဘေးရှောင်တွေလည်းပါတယ်။ အခု သူတို့အတွက် အရေးတကြီးလိုနေတာ စားနပ်ရိက္ခာ နဲ့ အဝတ်အထည်ပါ။မကြာခင်ကျန်းမာရေး ပြသနာတွေပါ ရှိလာနိုင်တယ်” လို့ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ လူငယ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ မြောက်ဦး ၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ဘူးသီးတောင်၊ မောင် တော စတဲ့မြို့နယ်တွေမှာ ရေကြီးနေတာဖြစ်ပါတယ်။ မြစ်ကမ်းပါး၊ ကားလမ်း၊ တံတားနဲ့ တောင်မြေပြိုကျတာတွေ ရှိနေ ပြီး နေအိမ်၊ အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“မင်းပြားမြို့မှာဆိုရင် ရေမကျသေးဘူး။ ထပ်တောင်တက်လာသေးတယ်။အခု လေးပေလောက်ရှိနေပြီ။ ဆိုင်တွေ လည်း အကုန်ပိတ်ထားရတယ်။ စျေးတောင်မဖွင့်ဘူး။ ဒီအတိုင်း ရေလည်းကြီးမယ်၊ ရေစီးလည်း ပြင်းမယ်ဆိုရင် မြစ်ကမ်းပါးတလျှောက်လုံး ပြိုသွားနိုင်တယ်။ ပြိုရင်တော့ အိမ်ခြေတရာနီးပါးလောက်က ပါသွားမှာ” လို့ မင်းပြား မြို့ခံ ကိုမျိုးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်-စစ်တွေကားလမ်းမပေါ် ကျောက်တော် – မြောက်ဦးလမ်းပိုင်းနဲ့ မြောက်ဦး – ကျောက်တော်လမ်း ပိုင်းတို့မှာ ကားလမ်းမပေါ်ရေတက်လာပြီး ကား၊ ဆိုင်ကယ်တွေ သွားလာလို့မရတဲ့အခြေအနေဖြစ်တယ်လို့ ဆို ပါတယ်။မောင်တောမြို့နယ်မှာလည်း ကားလမ်းပိုင်းအချို့ ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အဲဒီလိုရေကြီးနေတာကြောင့်မြောက်ဦးမြို့ပေါ်ရပ်ကွက်၊ စစ်ဘေးရှောင်စခန်းအချို့၊ ကျောက်တော်မြို့နယ် သရီ ချောင်းတဝိုက်ကျေးရွာအချို့၊ မင်းပြားမြို့နယ် ဖုံသာချောင်းအတွင်းမှ ကျေးရွာအချို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အစပ် ယိုးချောင်းတဝိုက်ကျေးရွာတွေ အရေးပေါ်ရွေ့ပြောင်းနေကြရပါတယ်။

မြောက်ဦးမြို့ခံတဦးက “ဂါရာတောင်စစ်ရှောင်စခန်းဆိုရင် ရေငါးပေလောက်တက်တယ်။အိမ်တွေခေါင်မိုးနည်း နည်းပဲပေါ်တော့လို့ စခန်းတခုလုံးရွေ့ထားရတယ်။ အဲဒါအတွက် အရေးပေါ်ရိက္ခာတွေလိုတယ်။ အကူအညီတွေ လိုနေပါတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခဲ့တာဖြစ်ပြီး မိုးဆက်ရွာသွန်းနိုင်ကာ မိုးရေချိန် များနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က သတိပေးထားပါတယ်။

“လက်ရှိမှာ အရေးပေါ်က စားနပ်ရိက္ခာနဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်ရအောင် ဓါတ်ဆားတွေ၊ ဆေးဝါးတွေ လိုအပ်နေ ပါတယ်” လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ ကိုပြည့်ဖြိုးနိုင်ကလည်း ပြောပါတယ်။

​ရေကြီး​ရေလျှံမှု​တွေကြောင့် ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှ ၁၂ တန်းကျောင်းသူတဦးအပါအဝင် သုံးဦးဟာ ဇူလိုင်လ ၉ ရက်နေ့ တနေ့တည်းမှာ ရေစီးထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

ရေကြီးမြင့်မှုနဲ့အတူ ရခိုင်နဲ့ ပလက်၀မြို့နယ်တို့မှာ စားနပ်ရိက္ခာအပါအဝင် ဟင်းသီးဟင်းရွက်၊ သား၊ ငါးတွေလည်း စျေးတက်နေတယ်လို့လည်း ဆိုကြပါတယ်။

“ကွမ်းရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေ စျေးအရမ်းတက်နေတယ်။ ကွမ်းရွက်တဆယ်သားကို တသောင်းလောက် ပေးရတယ်။ ငါးတွေဆိုလည်း တော်တော်ရှားတယ်။ စျေးလည်းကြီးတယ်” လို့ မင်းပြားမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဒေသခံအရပ်ဖက်အဖွဲ့တွေနဲ့ AA လက်အောက်ခံဌာနဆိုင်ရာတွေက ကူညီရွှေ့ပြောင်း ပေးနေပြီး AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က လည်း သတင်းအချက်အလက်ပေးပို့တာ၊ အရေးပေါ်အကူအညီတောင်းခံတာတွေ လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးရှောင်အပါအဝင် လူတစ်သိန်းဝန်းကျင်ရေဘေးသင့်၊အရေးပေါ်အကူအညီလိုအပ်​နေ

သတင်း

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြေပါတာယ်။

သတင်း

အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ အာရက္ခလောင်ပေါ်(ထီ)ပထမဆုကို ပြီးခဲ့တဲ့လက ကျပ်သိန်း ၅၀၀ သာ ပေးခဲ့ရာကနေ အခုလာမယ့်လကစပြီး ကျပ်သိန်း ၇၅၀ အထိ တိုးမြှင့်ပေးသွားတော့မယ်လို့ AA ရဲ့ အခွန်ဌာနက အသိပေးပါတယ်။