ဇူလိုင်-၁၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။
ဇူလိုင်လ ၁၅ရက်မနက်ကမော်လိုက်မြို့ဆိပ်ကမ်းကနေထွက်လာတဲ့စစ်တပ်ရဲ့သင်္ဘော ၂၂စီးကို မော်လိုက်နဲ့ဖောင်းပြင်မြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး သင်္ဘောတစ်စီးကိုနှစ်မြုပ်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
“RPG နဲ့ ပစ်မြုပ်တာ။ မြုပ်သွားပြီးသူတို့(စစ်ကောင်စီတပ်)ဘာမှပြန်ရမသွားဘူး။ ရှေ့ကိုဆက်သွားနေတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုဟာ ဇူလိုင်လ ၁၆ရက်နေ့လယ်ပိုင်းမှာဖြစ်ခဲ့တာလို့သိရပါတယ်။
ဒါ့အပြင် မင်းကင်းနဲ့ ဖောင်းပြင်မြို့ကြားမှာလည်း စစ်တပ်အတွက်ရိက္ခာတွေနဲ့ ကုန်စည် တွေသယ်လာတဲ့ မော်တော်တစ်စီးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
“မော်တော်က သောင်တင်နေတာ။နောက်ကနေ စစ်ကူမလာခင်သိမ်းလိုက်တာ။ အဲ့ဒီ မော်တော်ရထားတယ်”လို့ ဒေသခံသတင်းမြစ်ကပြောပါတယ်
အဲဒီ မော်တော်ဟာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)ရဲ့ထောက်ပို့ယာဥ်လို့ ကနဦးသိရပြီးစစ်သင်္ဘောအုပ်စုနဲ့အတူရောပြီးလိုက်ပါလာစဉ်မှာမြစ်ကြောင်းအတွင်းသောင်တင်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းရှာဖွေပြီးသိမ်းယူလိုက်တာလို့သိရပါတယ်။
စစ်သင်္ဘောအုပ်စုမှာစုစုပေါင်း၂၈စီးပါဝင်ပြီး ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေထွက်ခွာလာတာဖြစ်ပါတယ်။ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသလို သင်္ဘောအချို့လည်းပျက်စီးတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင်လ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ ၂၂စီးပဲ ဆက်လက်ဆန်တက်နေတာဖြစ်ပါတယ်။
စစ်တပ်က ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ နှစ်စဉ် ဟုမ္မလင်းမြို့အထိ ဆန်တက်ပြီး ပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်လည်သယ်ဆောင်လေ့ရှိပါတယ်။ သင်္ဘောတွေပေါ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နှစ်စဉ်ရင်ဆိုင်နေရပါတယ်။
စစ်သင်္ဘောအုပ်စုဖြတ်သန်းသွားတဲ့မြို့တွေမှာ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင်သူတွေနဲ့ မြစ်ကြောင်းကို အသုံးပြုသွားလာလုပ်ကိုင်နေကြတဲ့ပြည်သူတွေလုံခြုံစိတ်ချရတဲ့နေရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။


















































