ဩဂုတ် ၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဆက်လက်ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုက ရှေ့ပြေးစစ်သင်္ဘော ၁စီးဟာ ဒီကနေ့ဩဂုတ် ၂၉ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ မီးလောင်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့ကို ဦးတည်လာတဲ့ ရှေ့ပြေးစစ်သင်္ဘော ၂စီးအနက်က ၁စီးကို တိုက်ခိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။
“(ဗန်းမော်ဘက်)မတက်နိုင်ဘူး။ ရွှေကူအထက် ဇင်းဘုံကိုရောက်တယ်။ အခု ဇင်းဘုံကနေ ပြန်ခေါက်ပြီ သင်္ဘောတွေ။ စစ်သင်္ဘော ၁စီးကတော့ မီးလောင်သွားပြီ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဩဂုတ် ၂၉ရက် မနက် ၁၀နာရီ ၄၅ ဝန်းကျင်လောက်မှာ ရွှေကူမြို့ကို ကျော်လာတဲ့ စစ်သင်္ဘော ၁စီးကို FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောမီးလောင်သွားလို့ သင်္ဘောပေါ်မှာ ပါတဲ့ စစ်ကောင်စီတပ်သားတွေ အခြားသင်္ဘောပေါ် ပြောင်းရွှေ့နေရတယ်လို့ ပြောပြပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များနိုင်တယ်လို့လည်း သူက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်သင်္ဘောတွေ ဗန်းမော်မြို့ကိုတက်လာရင် KIAနဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်မှုတွေရှိမယ်လို့ ဩဂုတ် ၂၈ရက်မနက်က အသိပေးပြောကြားထားပါတယ်။
လက်ရှိမှာ ရွှေကူမြို့နယ်မှာ မြေပြင်တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်း ကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အခု ဇင်းဘုံရွာမှာ ရောက်နေတဲ့ စခတွေနဲ့ ကျနော်တို့ KIA တပ်ပေါင်းစုတွေ အကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်” ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ် မျိုးစုံ ၁၅စီးခန့်ပါတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။
ဒီလို ဝင်ရောက်လာချိန် စစ်တပ်က ရွှေကူမြို့နယ်ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ လေကြောင်းဗုံးကြဲရာမှာ တားမြစ်ဗုံးတွေဖြစ်တဲ့ ဆင့်ပွားပေါက်ကွဲတဲ့ ကလက်စတာဗုံးကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။


















































