ဇူလိုင်-၁၉၊၂၀၂၆။ခိုင်မြတ်/ People’s Spring
ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲကျွန်းနဲ့ တောင်ကုတ်မြို့နယ်ကြား ကားလမ်းမပေါ်ရှိ မအီမြို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဇာနည်နေ့ဖြစ်တဲ့ဇူလိုင်လ ၁၉ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်အချိန်မှာသုံးကြိမ်ဆက်တိုက်ဗုံးကြဲခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေပေါ်ကိုဗုံးကျရောက်ပေါက်ကွဲခဲ့တာပါ။
“လောလောဆယ် သုံးယောက်သေတယ်၊ရှစ်ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ ဒဏ်ရာရတဲ့သူကတိုးလာနိုင်သေးတယ်။ဒါက လောလောဆယ်ရတဲ့သတင်းပါ။ တိတိကျကျ မသိရသေးဘူး” လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာဂျက်ဖိုက်တာနှစ်စီးနဲ့ မအီမြို့ပေါ်၊ မြို့အနီးပတ်လည်တို့ကို ဗုံးဆယ်လုံးဝန်းကျင် ကြဲချခဲ့တာလို့ သူက ဆိုပါတယ်။
ဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
မအီမြို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်နဲ့ မိုင်နှစ် ဆယ်ဝန်းကျင်အကွာ ကျောက်ဖြူ – ရမ်းဗြဲ – တောင်ကုတ်လမ်းမပေါ် တည်ရှိတဲ့မြို့နယ်ခွဲတခုဖြစ်ပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့မြို့တခုဖြစ်ပါတယ်။
စစ်တပ်ဟာဇူလိုင်လ ၁၄ ရက်နေ့ကလည်း မအီမြို့နဲ့ ရမ်းဗြဲကျွန်း(ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်တို့)ကို ဆက် သွယ်ထားတဲ့ ကားလမ်းပေါ်ရှိ အရှည်ဆုံးတံတား မင်းကြောင်းချောင်းတံတားကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလေးလုံးကြဲ ခဲ့တာကြောင့်တံတားအနည်းငယ်ပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်ဟာ မအီနဲ့ ရမ်းဗြဲကျွန်းတို့ကြားရှိ သံဇစ်မြစ်တလျှောက် စစ်သေင်္ဘာတွေ အများအပြားချထားပြီး မအီ – ရမ်း ဗြဲကျွန်းကားလမ်းမတလျှောက်ကိုလည်း ဒရုန်း၊ လေယာဉ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ကင်းထောက်တာတွေ နေ့စဉ်ရှိ နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“စနဲကိုတက်ဖို့ကြိုးစားတာလည်းမအောင်မြင်ဘူး။ကျောက်ဖြူဘက်မှာလည်း နာနေတော့ အခု ရမ်းဗြဲလမ်းဆုံကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာဖြစ်မယ်။ ဒရုန်းတွေ နေ့တိုင်းဝဲတယ် ဒီဘက်မှာ။ ကျောက်ဖြူဘက်မှာကတော့ တိုက် ပွဲတွေ ပြင်းနေတယ် နေ့တိုင်းလိုလို” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အလုံးစုံနဲ့ ကျောက်ဖြူမြို့နယ်အတွင်းကနယ်မြေအားလုံးနီးပါးကို လက်လွှတ်ထား ရတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ် ခဲ့ပေမယ့် ရှေ့မတိုးနိုင်ဘဲ မင်းပြင်၊ သိုင်းချောင်းကျေးရွာတဝိုက်မှာပဲ ရပ်တန့်နေခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၆ မေလမှာတောင်မော်ဦးရေတပ်စခန်းကနေ ရမ်းဗြဲ -ကျောက်ဖြူလမ်းဆုံရှိ စနဲမြို့ကိုထိန်းချုပ်နိုင်ဖို့ ထပ်မံကြိုးစားခဲ့ပေမယ့် တပ်ဦးကျိုးကာ လှည့်ပြန်ခဲ့ကြရပါတယ်။ အဲဒီလိုအခြေအနေမှာ စစ်တပ် ဟာ ရမ်းဗြဲကျွန်းနဲ့ မအီမြို့ကြားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ထပ်မံကြိုးစားလာတာပါ။
“စစ်ကို စစ်နဲ့တူအောင် မတိုက်ဘဲ ပြည်သူကို သတ်တဲ့နည်းတွေကို သုံးတတ်တယ် သူတို့မှာ။ ပြည်သူတွေကို သတ် ဖို့၊ နှင်ထုတ်မယ် အဲဒါပဲလုပ်တတ်တယ်” လို့ စစ်တပ်ရဲ့ ဗုံးကြဲ၊ စစ်ကြောင်းထိုးမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေ ကြရတဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းနောက်ဆုံးကာကင်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကအကျအဆုံးများနေကာ ကျန်တပ်ရင်း၊ တပ်စခန်းတွေကိုလည်း ဝန်းရံပိတ်ဆို့ထား ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို AA က မြေပြင်ထိုးစစ်အပြင် အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ပါ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါး ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတာပါ။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

















































