ဇူလိုင်-၂၀၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။
အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာကျင်းပမယ့်အာဆီယံ နိုင်ငခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဆီ ပေးပို့တဲ့ စာထဲမှာတော့အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ဆီကိုမိသားစုဝင်တွေ၊ ဥပဒေအကြံပေးတွေနဲ့ ဆရာဝန်တွေကလွတ်လပ်စွာ ဆက်သွယ်ခွင့်တွေကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ နောက်ထပ်ဆွေးနွေးမှုတွေ မတိုင်ခင်မှာခြွင်းချက်မရှိရယူပေးဖို့တိုက်တွန်းထားပါတယ်။
APHRဟာ အာဆီယံ အဖွဲ့ဝင် နောက်ထပ်နိုင်ငံတစ်ခုဖြစ်တဲ့ အရှေ့တီမောရဲ့ သမ္မတဖြစ်သူ ဟိုဆေး ရာမို့စ် ဟော်တာကိုလည်း မြန်မာနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ပိုမိုအားကောင်းတဲ့ အရေးယူမှုတွေ ရှိလာအောင် ကူညီတွန်းအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။အရှေ့တီမောဟာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားစွဲဆိုဖို့ အားထုတ်မှု တစ်ခုကို ပထမဆုံးအကြိမ် လက်ခံခွင့်ပြုပေးခဲ့တဲ့ အာဆီယံ ဒေသတွင်း နိုင်ငံ ဖြစ်ပါတယ်။

Public Service Announcement
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အခုသီတင်းပတ် တွေ့ဆုံမှုမှာ လူ့အခွင့်အရေး ကဏ္ဍနဲ့ ပတ်သက်လို့ အလေးထား ဆွေးနွေးကြဖွယ်ရှိပြီး မြန်မာ့အရေးကလည်း အဓိက အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ APHRက ဖိလစ်ပိုင်နဲ့ အရှေ့တီမော အစိုးရတွေဆီ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်၁၉ ရက်နေ့တုန်းကမြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကမြန်မာ့ အကျပ်အတည်းကူညီဖြေရှင်းရာမှာအာဆီယံက သဘောတူ လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ အဓိက စံနှုန်းတွေအဖြစ် ဆက်လက် လက်ဆုပ်လက်ကိုင် ပြုသွားမယ်လို့ ကြေညာခဲ့ပြီး အဲဒီအပေါ်မှာလည်း APHRက သီးခြား သဘောထား အမြင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဘုံသဘောတူညီချက်၅ ခုကိုပဲ အကြိမကြိမ် အဖန်ဖန် ထောက်ခံကြောင်း ပြောနေခြင်းက မြန်မာ့အရေးကို ဖြေရှင်းရာမှာ လုံလောက်မှု မရှိနိုင်ကြောင်း၊ အာဆီယံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေဆဲ ဆိုတာကို သက်သေပြစေခြင်း အပါအဝင် လက်တွေ့ကျတဲ့ ရလဒ်တွေ ထွက်ပေါ်လာအောင် ကြိုးစားသင့်ကြောင်း APHRက ဆိုပါတယ်။
အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်အစိုးရအနနဲ့ ဒေါ်အောင်ဆန်းစုကြည်အမှန်တကယ် သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိနေသလားဆိုတာကို အတည်ပြုစေပြီး အာဏာသိမ်းစစ်တပ် အာဏာပိုင်တွေနဲ့ လက်ရှိ တွေ့ဆုံ ဆွေးနွေးမှုတွေက အမှန်တကယ် အဓိပ္ပါယ်ပြည့်ဝတဲ့ ရလဒ်မျိုးဆီ ဦးတည်နေသလားဆိုတာကို အခုသီတင်းပတ် အစည်းအဝေးမှာတင် ဆန်းစစ်ဖို့၊ ဒီကိစ္စကို နောက်ထပ် ဆွေးနွေးပွဲ တစ်ခုဆီ ထပ်မံရွှေ့ဆိုင်းတာမျိုး မလုပ်ဖို့လည်း APHRက တိုက်တွန်းထားပါတယ်။
ကိုးကား: APHR

















































