ဇူလိုင်-၂၁၊၂၀၂၆။ကဖေး/People’s Spring
အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့ တမူးမြို့နယ်က အာရှလမ်းမကြီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘေးကင်းတဲ့နေရာတွေမှာယာယီယာယီပြောင်းရွှေ့နေထိုင် ကြဖို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။
တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်က စစ်ကြောင်းထိုး နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒီနေ့ ဇူလိုင် ၂၁ရက် ထုတ်ပြန်ပါတယ်။
လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှု တွေ ကြောင့် ပြည်သူလူထုရဲ့အသက်အန္တရာယ် အချိန်မရွေး ထိခိုက်စေနိုင်တယ်လို့လည်းသတိပေးထားပါတယ်။

Public Service Announcement
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ဆင်ရေးကာလအတွင်း လက်နက်ကြီး၊လေကြောင်းရန်နဲ့ စစ်တပ်ရဲ့ ဓားစာခံဖမ်းဆီးသတ်ဖြတ်ခြင်းကနေ ကင်းဝေးစေရေးအတွက် ဘေးကင်းတဲ့နေရာသို့ ယာယီပြောင်းရွှေ့ကြဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူသွားမယ်လို့သတိပေးထားပါတယ်။
” တိုက်ပွဲတွေက နေရာတော်တော်များများမှာဖြစ်နေတာပါ။ စစ်တပ်စစ်ကြောင်းတွေကိုပိတ်ဆို့ပြီးတိုက်ခိုက်နေတော့ လေကြောင်းကနေဆက်မပြတ် ဗုံးကြဲနေတယ်။ ဒီကာလမှာတော့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကအရေးကြီးဆုံးဖြစ်တယ်။ လိုအပ်လို့ရှောင်ဖို့သတိပေးထားတာဖြစ်တယ်”လို့ ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။
ကလေး- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ကလေး၊တမူး၊ ခမ်းပါတ်မြိုနယ်တွေထဲကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေဝင်လာတာဖြစ်ပါတယ်။
အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲကို ဇွန်လဆန်းမှာ စစ်ကြောင်းနဲ့ဝင်ရောက်လာပြီး မြို့ပေါ် ရပ်ကွက်တချို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။လက်ရှိမှာ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ရွာအပြင် ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ၂လနီးပါး ရှိနေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယနဲ့နယ်စပ်ကုန်သွယ်ရေးလမ်းမှာ စစ်ရေးတင်းမာနေသလို မန္တလေး-ဗန်းမော်လမ်းပိုင်း ကသာခရိုင်တဲ့အတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လုံခြုံရေးသတိပေးချက်ကိုတော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ကသာခရိုင်အတွင်း တိုက်ပွဲတွေပြင်းထန်နေလို့ မန္တလေး-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းအပါအဝင် လမ်းပိုင်းတချို့ကို ညပိုင်း အသုံးမပြုကြဖို့ ကသာခရိုင်အမှတ်(၅)တပ်ရင်းက ဇူလိုင်လ၂၀ရက်နေ့မှာ သတိပေးထားပါတယ်။
ကသာခရိုင်အတွင်း စစ်တပ်တွေရှိတဲ့ ဧရာအရှေ့ခြမ်း မန္တလေး-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း၊ အင်းကြီး-ညောင်ပင်ကွင်းလမ်း၊ ပြည်ထောင်စု လမ်းမကြီးမှ ခွဲထွက်တဲ့ လမ်းသွယ်တွေအပါအဝင်ကသာခရိုင်အမှတ် (၅) တပ်ရင်း နယ်မြေအတွင်း လမ်းပိုင်းဧရိယာတွေမှာ ည၇နာရီကနေ မနက်၅နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုကြဖို့ သတိပေးထားပါတယ်။
အဲဒီလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကိုချောဆွဲတာ၊ ဖမ်းဆီးပြီးစစ်သားစုဆောင်းနေတာနဲ့ အရပ်သားကားတွေကိုအသုံးပြုပြီးလူအင်အား၊လက်နက်ခဲယမ်းနဲ့ ကျည်တွေ သယ်ယူနေတယ်လို့လည်း ကသာခရိုင်အမှတ်(၅)တပ်ရင်းက အသိပေးထားပါတယ်။
လက်ရှိမှာ အိန္ဒိယနဲ့နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ကလေး-ခမ်းပါတ်-တမူးမြို့နယ်တွေနဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်ကဘ အင်းတော်၊ မော်လူးမြို့တွေအပြင် ကသာ၊ ရွှေကူမြို့နယ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကလေ ကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ခရီးသည်နဲ့ကုန်တင်ကားတွေလည်း ပိတ်မိနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကုန်သွယ်ရေးလမ်းတွေပေါ်မှာ ခရီးသည်နဲ့ကုန်တင်ကားတွေ ပိတ်မိနေစဉ် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ယခင်ကဖြစ်ခဲ့ဖူးတာကြောင့် လိုအပ်တဲ့သတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။


















































