ဇူလိုင်-၂၁၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိတဲ့ လင်မယားနှစ်ဦးထဲက အမျိုးသမီးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကနဦး သိရပြီး ဒီနေ့ ညပိုင်း ထပ်မံရရှိတဲ့ သတင်းအရ အမျိုးသမီး သေဆုံးသွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်၂၁ရက် ဒီနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ်ကတဆင့် စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးရွာကို စစ်တပ်က ဒရုန်းကားတွေ အပါအဝင် အင်အားတိုးခဲ့ပြီး ည ၇နာရီဝန်းကျင်မှာ မြောက်ဘက်က တစ်ရွာကျော် ကြက်တူရွေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာပါ။

Public Service Announcement
“အရှေ့က ကျေးတမာကုန်းထဲကျတာ။ အသက် ၅၀ကျော် လင်မယားနှစ်ဦး ထိတယ်။ အမျိုးသမီးက ထိတာ များတယ်လို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၈၁မမလက်နက်ကြီး ထိပ်ဖူးတွေကို ဒရုန်းတွေနဲ့ ဗုံးသီးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေကတော့ စစ်တပ်ရန်ကို ကြောက်ရတာကြောင့် အခု ညဘက်အထိ စစ်လှေတွေနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။
“ရေတွေက နေအိမ်တွေထဲအထိ တက်နေတာ။ အခု ကြောက်ပြီး အကုန်ထွက်ပြေးနေရတယ်။ ဗုံးချခံရပြီး တရွာလုံး စက်လှေတွေနဲ့ ထွက်ရှောင်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က စဉ့်ကူးမြို့နယ်အနောက်ခြမ်းကို လေကြောင်းတိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေပြီး တလအတွင်း ပြည်သူ တစ်ဒါဇင်ကျော်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။


















































