ဇူလိုင်-၂၈၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
မနေ့က(ဇူလိုင် ၂၇ ရက်)ညနေ ၄ နာရီခန့်က နတ်မောက်မြို့သစ်လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးခဲ့ရာ ကားတစ်စီးမောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီကားပေါ်က ဖုန်းတစ်လုံး ၊ G3 ကျည် ၇၄ တောင့် ၊ လက်ထိပ်တစ်ခု ၊ ဦးထုတ်နှစ်လုံး ( ကျည်ကာဦးထုတ်တစ်လုံး ) တို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

“ကားပေါ်ပါလာတာ ၃ယောက်။ ထိခိုက်ဒဏ်ရာတွေနဲ့ထွက်ပြေးတာ။ဆေးရုံမှာ စခန်းမှူးကသေသွားတယ်”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုအကြောင်းရှင်းပြပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အပြီး နတ်မောက်-မြို့သစ်လမ်းပိုင်းကို စစ်တပ်က အင်အား ၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၂၅ ရက်က မကွေးတိုင်းနဲ့နေပြည်တော်အစပ်က ရဲစခန်းနဲ့ စစ်တပ်ဂိတ်စခန်းကို ၀င်ရောက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါအ၀င် ၉ ဦးသေဆုံးပြီး လက်နက် ၆လက်ရရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက အသိပေးထားပါတယ်။
ဒါ့အပြင် ဇွန်လကလည်း မကွေးတိုင်းနဲ့ ပဲခူးတိုင်း မြို့နယ် ၅ခုက စစ်ဆင်ရေးတွေမှာ စစ်တပ်က ၄၀ ကျော်သေပြီး လက်နက် ၁၈လက် သိမ်းရတယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။

















































