Connect with us

Hi, what are you looking for?

သတင်း

ယူကရိန်း သမ္မတ ကြိုသတိပေးထားတဲ့အတိုင်း ရုရှားက အကြီးအကျယ် တိုက်ခိုက်လို့ ၈ ဦးထက်မနည်း သေဆုံး

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ အတိုင်းအတာ ပမာဏ ကြီးမားလှတဲ့ တိုက်ခိုက်မှုကြီး တစ်ခုအတွက် ပြင်ဆင်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရထားကြောင်း ပြောကြားခဲ့ပြီး ယူကရိန်း ပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို နိုးနိုးကြားကြား နားစွင့်နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက အဲဒီ တိုက်ခိုက်မှုဟာ ဇူလိုင် ၂၉ ရက်နေ့ သန်းခေါင်ကျော်လောက်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ကြိုတင် ခန့်မှန်းခဲ့ပါတယ်။

ဇူလိုင် ၃၀ မနက်အစောပိုင်းမှာတော့ နိုင်ငံအနှံ့ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဖြန့်ကျက် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။ အခုသီတင်းပတ်ထဲမှာ ဇီလန်စကီးက အမေရိကန်ဆီ သွားရောက်ပြီး အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ယူကရိန်းအတွက် လိုင်စင်ယူ ထုတ်လုပ်ခွင့်ပြုဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်းဆိုခဲ့ပြီး ရက်အနည်းငယ် အကြာမှာ ရုရှားက အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ လျော့ပါးပြတ်လပ်မှုကို ကြုံတွေ့နေပြီး အကျိုးဆက် အနေနဲ့ ရုရှားရဲ့ တာဝေးပစ် ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တား ပစ်ချဖို့ ရုန်းကန်နေရပါတယ်။

Public Service Announcement

Public Service Announcement

ခရီဗီရိုင်မြို့နားက ကျေးရွာတစ်ခုမှာတော့ ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေကြောင့် အသက် ၅ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေး နှစ်ဦးအပါအဝင် ၆ ဦးထိ သေဆုံးခဲ့ပါတယ်။ မြို့တော် ကိယက်ဗ်နဲ့ ပိုလ်တာဗာမြို့တွေမှာလည်း တစ်ဦးစီ သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီစာရင်းဟာ အစောပိုင်း ရထားတဲ့ အချက်အလက်တွေကိုပဲ အခြေပြုထားပြီး သေဆုံးဒဏ်ရာရသူ ဦးရေဟာ ထပ်မံ မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။ လာဗစ်ဗ် မြို့မှာလည်း ပေါက်ကွဲသံတွေ ကြားနေရပြီး အဆောက်အအုံ ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒုံးကျည်နဲ့ ဒရုန်းထိမှန်တဲ့ တချို့နေရာတွေမှာ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ဒေသခံတွေကပါ အပျက်အစီးတွေကို ကူညီရှင်းလင်းပေးပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပါတယ်။ ဇူလိုင် ၃၀ ရက်နေ့ မနက်အစောပိုင်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်းရဲ့ မြို့အတော်များများဟာ ရုရှားရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။

ယူကရိန်းရဲ့ အိမ်နီးချင်းဖြစ်ပြီး NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ပါဝင်တဲ့ ပိုလန်ပိုင်နက်ထဲမှာလည်း အမည်မသိ လက်နက်ခဲယမ်းတစ်ခု ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ လမ်းချော်လာတဲ့ ရုရှားဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတစ်စင်းကြောင့်လား၊ တန်ပြန်ပစ်ချဖို့ ကြိုးစားတဲ့ ယူကရိန်းရဲ့ ဒုံးခွင်းဒုံး တစ်ခုခုလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ပိုလန် နယ်စပ်နဲ့ နီးကပ်ရာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းထိ ရုရှားဒုံးကျည်တွေ ကျရောက်ခဲ့တဲ့နောက် ပိုလန် လေတပ် တိုက်လေယာဉ်တွေလည်း အရေးပေါ် ပျံတက်ပြီး လုံခြုံရေးအတွက် စောင့်ကြည့်ခဲ့ကြောင်း ပိုလန်စစ်တပ်က ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။