သြဂုတ်-၅၊၂၀၂၆။People’s Spring
ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
BROUKဟာ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (universal jurisdiction)ကိုအသုံးပြုပြီး မင်းအောင်လှိုင်ကို ၂၀၁၉ ခုနှစ်တုန်းက အာဂျင်တီးနားမှာ တရားစွဲဆိုခဲ့ပါတယ်။ မနှစ်က ဖေဖော်ဝါရီလမှာတော့ မင်းအောင်လှိုင်နဲ့ တခြား မြန်မာစစ်ခေါင်းဆောင် တချို့ကို အာဂျင်တီးနားတရားရုံးကနိုင်ငံတကာဖမ်းဝရမ်းတွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ စွပ်စွဲချက်ကတော့ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေအတွက် ဖြစ်ပါတယ်။
အခုအခါမှာတော့ မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ ရာထူးကို ရယူထားသလို နိုင်ငံတကာ အသိအမှတ်ပြုမှုကိုရဖို့လည်း ကြိုးစားနေပါတယ်။ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်တွေမှာတော့ မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံဆီ တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်မှာဖြစ်ပြီး အဲဒီအခါ အာဂျင်တီးနား တရားရေးဌာန တာဝန်ရှိသူတွေ အနေနဲ့ ထိုင်းအာဏာပိုင်တွေကို အကူအညီတောင်းပြီး မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သင့်ကြောင်း BROUKက တိုက်တွန်း တောင်းဆိုခဲ့တာပါ။

Public Service Announcement
မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ အဓိကလက်သည်တရားခံ ဖြစ်ရုံသာ မကဘဲ မြန်မာ ပြည်သူတွေ အပေါ်မှာလည်း နှစ်ပေါင်းများစွာ ရက်ရက်စက်စက် ဖိနှိပ်ခဲ့သူဖြစ်ကြောင်း၊ သူ့ရဲ့ နေရာဟာအချုပ်ခန်းတစ်ခုသာဖြစ်သင့်ကြောင်း၊ထိုင်းမှာအစိုးရအရာရှိတွေနဲ့ အတူယှဉ်တွဲပြီး ဓာတ်ရိုက်ခံနေသင့်တာ မဟုတ်ကြောင်း BROUKရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်းထိုင်းနဲ့အာဂျင်တီးနား အာဏာပိုင်တွေ ပူးပေါင်းပြီး မင်းအောင်လှိုင်ကို ဖမ်းဆီး၊ အဲဒီနောက် အာဂျင်တီးနားကို ပို့ဆောင်ပြီးသူကျူးလွန်ထားတဲ့ပြစ်မှု စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်စေသင့်ကြောင်း၊ လူ့သမိုင်းမှာ အဆိုးဆုံး ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ဘယ်သူမဆို ပုန်းအောင်းစရာနေရာမရှိဘူးဆိုတာကိုအကောင်းဆုံးသက်သေပြသင့်ကြောင်းသူကဆိုပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီး ၁၀ နှစ်အကြာမှာတော့ အာဏာသိမ်းခဲ့ပါတယ်။ သူဟာရခိုင်ပြည်နယ်ထဲမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ရိုဟင်ဂျာတွေကို စစ်တပ်ကရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းမှုတွေကို အဓိက ညွှန်ကြားခဲ့သူလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို အာဂျင်တီးနားမှာ တရားစွဲဆိုနိုင်တာဟာ universal jurisdiction အောက်မှာတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ပထမဆုံး အရေးယူ ဆောင်ရွက်နိုင်မှု ဖြစ်လာပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ်ကလည်း အဲဒီကိစ္စအတွက် မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ ICCမှာ လျှောက်ထား တောင်းဆိုခဲ့ပေမယ့် တရားဝင် ဆုံးဖြတ်ချက်တော့ ထွက်ပေါ်မလာသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းသေဆုံးသူ စုစုပေါင်း တစ်သိန်းကျော် ရှိနေပြီလို့ ကမ္ဘာတစ်ဝန်း ပဋိပက္ခတေ့ကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ACLED ကထုတ်ပြန်ထားပါတယ် ။
ကိုးကား-BROUK


















































