Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ နာမည်ခံ ကုမ္ပဏီထောင်ပြီး အိမ်ခြံမြေ ဝယ်ယူသူ နိုင်ငံခြားသား ၁၃ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Royal Thai Police

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့တုန်းက ပရာချွပ် ခီရီခန်ပြည်နယ်၊ ဟွာဟင်းမြို့မှာရှိတဲ့ ရေကူးကန်နဲ့ အဆင့်မြင့် ဗီလာတွေ ပါဝင်တဲ့ အိမ်ရာ စီမံကိန်း တစ်ခုကို ရဲတွေက ဝင်ရောက်စီးနင်းပြီး ထိုင်းနိုင်ငံသားတွေကို ရှယ်ယာရှင်အဖြစ် နာမည်ခံခိုင်းပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ယောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ နာမည်ခံတွေကို အသုံးပြုပြီး အိမ်ခြံမြေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေက အရှိန်မြှင့် ဖြိုခွင်းနေပါတယ်။ ထိုင်းဒုတိယ ရဲချုပ်ဖြစ်တဲ့ ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နျူရယ်လ်မာက ထပ်ထိုင်း ကျေးရွာအုပ်စုထဲမှာ တည်ရှိပြီး နာမည်ဖော်မပြထားတဲ့ အိမ်ရာ စီမံကိန်းကို ရဲအင်အား ၂၀၀ လောက်နဲ့ စီးနင်း ရှာဖွေခဲ့ကြောင်း ပြောပါတယ်။

အဲဒီ အိမ်ရာ စီမံကိန်းမှာ အိမ်တစ်လုံးကို ဘတ်ငွေ ၁၀ သန်းကနေ သန်း ၂၀ လောက်ကြား စျေးသတ်မှတ် ရောင်းချပြီး ထိုင်းနိုင်ငံသား နာမည်ခံတွေနဲ့ နိုင်ငံခြားသားတွေက အိမ်ဝယ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဝရမ်းတွေ ယူလာတဲ့ ရဲတွေဟာ အိမ်ရာထဲက နေရာ ၁၅ ခုကို ဖြန့်ကျက် စစ်ဆေးခဲ့တဲ့ အခါမှာတော့ ထိုင်းနိုင်ငံသားတွေကို နာမည်ခံ ရှယ်ယာရှင်အဖြစ် ထားရှိပြီး မြေယာ ဝယ်ယူ ပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီ ၆ ခုကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ အိမ်ခြံမြေ လုပ်ငန်းလုပ်တယ်ဆိုပြီး မှတ်ပုံတင်ရင်း မြေတွေ၊ အိမ်တွေ ဝယ်ထားပေမယ့် တကယ်တမ်းမှာတော့ ဘာအလုပ်မှ မလုပ်ဘူးလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ် ၄ ဦး၊ ဗြိတိန် ၃ ဦး၊ အီတလီက ၁ ဦး၊ ပြင်သစ် ၁ ဦး၊ ဩစတြီးယား ၁ ဦး၊ နယ်သာလန် နိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင် ၁ ဦးနဲ့ အမေရိကန် ၁ ဦးတို့ ပါဝင်ပါတယ်။

ထိုင်းမှာ အိမ်ခြံမြေ ပိုင်ဆိုင်ချင်ရင် နာမည်ခံ ကုမ္ပဏီ ထူထောင်ဖို့ ဥပဒေနဲ့ စာရင်းပိုင် ကုမ္ပဏီတွေက အကြံပေးတဲ့အတိုင်း သူတို့က လိုက်လုပ်ခဲ့တာ ဖြစ်ကြောင်း၊ အခုလို အိမ်ဝယ်တာမျိုးက ဥပဒေနဲ့ ညီတယ်လို့ပဲ သူတို့က ယုံကြည် ယူဆခဲ့ကြောင်း နိုင်ငံခြားသားတွေက ပြောပါတယ်။ နာမည်ခံ ကုမ္ပဏီတွေမှာ ရှယ်ယာရှင်အဖြစ် နာမည်စာရင်း သွင်းထားတဲ့ ထိုင်းနိုင်ငံသားတွေကလည်း သူတို့ဟာ တကယ့်ရှယ်ယာရှင်တွေ မဟုတ်ဘဲ နိုင်ငံခြားသားတွေ အိမ်ဝယ်ဖို့ နာမည်ခံပေးထားတာသာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

ထိုင်းနိုင်ငံသား အမည်ခံရှယ်ယာရှင်တွေက ငွေကြေးလက်ခံယူတာမျိုး မရှိခဲ့သလို ကုမ္ပဏီလုပ်ငန်းတွေကိုလည်း စီမံခန့်ခွဲခဲ့တာမရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးစာရွက်စာတမ်းတွေ၊ ရှယ်ယာပိုင်ဆိုင်မှု အထောက်အထားတွေကိုလည်း မတွေ့ဖူးဘူးလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ကုမ္ပဏီမှတ်တမ်းတွေနဲ့ ဒစ်ဂျစ်တယ် အီလက်ထရောနစ်ပစ္စည်းတွေကို သိမ်းဆည်းပြီး ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းတွေကို ဆက်လက် ခြေရာခံ စစ်ဆေးနေပါတယ်။

ထိုင်းရဲတွေဟာ နှစ်ဆန်းပိုင်းကစလို့ ပြည်တွင်းမှာ နာမည်ခံ ကုမ္ပဏီဖွင့်ပြီး အိမ်ခြံမြေတွေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဖြိုခွင်းမှုတွေ လုပ်ဆောင်လာခဲ့တာပါ။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားတွေ အသွားအလာများတဲ့ ဒေသတွေမှာ အဲဒီ စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိ အချိန်ထိ မြေနေရာနဲ့ အဆောက်အအုံ ၂၃၃ ခုကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီ ပိုင်ဆိုင်မှုတွေရဲ့ ခန့်မှန်း ကာလပေါက်စျေးဟာ ဘတ် ၂.၅ ဘီလီယံလောက်ထိ များပြားကြောင်း သိရပါတယ်။

တရားရုံးတွေက ထိုင်းရဲတပ်ဖွဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဖမ်းဝရမ်း ၁၃၃ ခု ထုတ်ပေးခဲ့ပြီး အမှု ၂၀ ကတော့ ပြစ်မှုထင်ရှားလို့ သင့်တော်တဲ့ ပြစ်ဒဏ်တွေ စီရင်ချမှတ်ပြီးဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြန်မာဖက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်မှုတွေ ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ ထွက်ပြေးလာတဲ့ ရုရှား ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။