ဩဂုတ်-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။
ဒီနေ့ ဩဂုတ် ၁၁ရက် ညနေ ၆နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်ပုံက ထူးဆန်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ကားက အပူလွန်ပြီး ဝါယာရှော့ဖြစ်နေတာ။ သီ ပေါ ဘက်ကနေ မောင်းလာတာ။ ကားဆရာကမသိဘူး။ တိုးဂိတ်ထဲဝင်တော့မှ မီးထလောင်တာပါ။ ထူးထူးဆန်းဆန်းပါပဲ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
မီးသတ်ကားတွေနဲ့ မီးငြှိမ်းသတ်ခဲ့ပေမယ့် တိုးဂိတ်ရော ကားပါ မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက် ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်က ပြန်လည် ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။
မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ နောင်ချို၊ ကျောက်မဲ၊သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ်မြို့တွေရှိပြီး စစ်တပ် အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိပါဘူး။
နောင်ချို၊ ကျောက်မဲ၊သီပေါ၊ လားရှိုးမြို့ပေါ်တွေကို စစ်ကောင်ဆီကထိန်းချုပ်ထားတယ်ဆိုပေမယ့် အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်နိုင်ခြင်းမရှိပါဘူး။ သီပေါ-လားရှိုးလမ်းပိုင်းနဲ့ သိန္နီ၊ကွတ်ခိုင်မြို့တွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထိန်းချုပ်ထားပါတယ်။ နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ထိန်းချုပ်ထားပါတယ်။ မူဆယ်မှာလည်း မြို့ပေါ်ကိုသာစစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး အဓိကကုန်သွယ် ရေးစခန်းတွေဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေးကဏ္ဍကနေ ဘဏ္ဍာငွေရယူချင်နေတဲ့စစ်တပ်က တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး- မူဆယ်ကုန်သွယ်ရေးလမ်းပိုင်း ပြန်ဖွင့်ချင်နေပေမယ့် ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် မဖွင့်နိုင်ဖြစ်နေတာပါ။
နယ်စပ်ကုန်သွယ်ရေးဟာ အစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ကုန်သွယ်ရေးလမ်းပြန်မပွင့်သေးဘဲ စစ်တပ်နဲ့ MNDAA ဆွေးနွေးနေမှုတွေလည်း အဆင်မပြေသေးဘူးလို့ သိရပါတယ်။


















































