Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖီဖာဥက္ကဋ္ဌကိုထုတ်ပယ်ရင်အမှားကြီးမှားမယ်လို့ ထရမ့်သတိပေး

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

သြဂုတ် – ၁၁ ၊၂၀၂၆

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အင်ဖန်တီနိုဟာ ဖီဖာက ထိန်းချုပ်ခွင့် ရထားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကုမ္ပဏီပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ့် စိတ်ကူးတစ်ခုကို တင်ပြခဲ့ရာက အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။

ဒီစိတ်ကူးကိုဥရောပဘောလုံး အဖွဲ့ချုပ်(UEFA)ကအပြင်းအထန် ကန့် ကွက်ခဲ့သလို ရှေ့ဆက်တိုးမယ်ဆိုရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တခြားဘောလုံး အဖွဲ့ချုပ် တချို့ကပါ ကန့်ကွက်လာတဲ့နောက် အင်ဖန်တီနိုက သူ့ရဲ့ အဆိုကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ UEFAကတော့ အင်ဖန်တီနိုရဲ့ ဦးဆောင်နိုင်စွမ်းအပေါ် အယုံအကြည် လုံးဝ ကင်းမဲ့သွားကြောင်း ထုတ်ပြန်ခဲ့သလို သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ကျယ်လောင်လာခဲ့ပါတယ်။

အင်ဖန်တီနိုရဲ့ အဆိုကတော့ ကမ္ဘာ့ဖလားကို ကုမ္ပဏီပိုင်အဖြစ် ပြောင်းလဲပြီး ရှယ်ယာစုစုပေါင်းရဲ့ ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းကို ပြင်ပ ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းထုတ်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီက ရလာတဲ့ ငွေကြေး အကျိုးအမြတ်တွေကို ဒေသအလိုက် ဘောလုံးအဖွဲ့ချုပ်တွေဆီ ခွဲဝေပေးမယ်လို့ သူက မက်လုံးပေး ကမ်းလှမ်းခဲ့ပါတယ်။

ဒီကိစ္စဟာ ဘောလုံးအားကစားရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီသလို ကမ္ဘာ့ဖလားရဲ့ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်သံတွေ ကျယ်လောင်လာတဲ့နောက် အင်ဖန်တီနိုက နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

ကနဦး အဆိုပြုချက်မှာတော့ သူဟာ ကမ္ဘာ့ဖလားကို စီမံမယ့် ကုမ္ပဏီမှာ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူဖို့ ရည်ရွယ်ထားသလို ထရမ့်ရဲ့ ဆွေမျိုးသားချင်း တချို့နဲ့လည်း အကျိုးတူ ပူးပေါင်းမယ့် အရိပ်အယောင်တွေလည်း မြင်လာရပါတယ်။ ထရမ့်နဲ့ အင်ဖန်တီနိုတို့ဟာ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပါတယ်။

သူ့မိတ်ဆွေ အင်ဖန်တီနိုရဲ့ ရာထူးနေရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတဲ့နောက် ဩဂုတ် ၁၀ ရက်နေ့မှာ ထရမ့်က ဖီဖာဥက္ကဋ္ဌဖက်ကနေ ထောက်ခံကြောင်း လူမှုကွန်ရက်မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ဘယ်လို အကြောင်းကြောင့်နဲ့ဖြစ်ဖြစ် အင်ဖန်တီနိုကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဖီဖာဟာ အကြီးအကျယ် အမှားကျူးလွန်မိလျက်သား ဖြစ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။

အင်ဖန်တီနိုက အရမ်းထူးချွန်ပြီး သမိုင်းတလျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို လောလောလတ်လတ် ကြီးမှူးပေးထားခဲ့ကြောင်း၊ သူသာ မရှိတော့ရင် အခုလို အောင်မြင်မှုမျိုး၊ အကျိုးအမြတ် ရမှုမျိုး ထပ်မြင်ရဖို့ ခက်ခဲသွားနိုင်ကြောင်း ထရမ့်က သတိပေးထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံ ကျင်းပခဲ့ပါတယ်။ အဲဒီ ကမ္ဘာ့ဖလားမှာလည်း အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ အမေရိကန် ကစားသမားရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ထရမ့်ရဲ့ မေတ္တာရပ်ခံချက်အရ ဖီဖာက ဖျက်သိမ်းပေးခဲ့လို့ ဝေဖန်သံတွေ အကြီးအကျယ် ဆူညံခဲ့ပါသေးတယ်။

ကမ္ဘာ့ဖလားကို ကွပ်ကဲခွင့် ကုမ္ပဏီ ထူထောင်မယ့် ကိစ္စနဲ့ ပတ်သက်လို့တော့ အင်ဖန်တီနိုက ဘာမှ မပြောခဲ့ဖူးဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ အစောပိုင်း သတင်းတွေ အရတော့ ကမ္ဘာ့ဖလား ရှယ်ယာတွေ ထုတ်ရောင်းရေး ကိစ္စကို အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Thrive Eternalက ဦးဆောင်သွားဖို့ စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

Thrive Eternalဟာ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ်ကူရှနာနဲ့ ညီအစ်ကို တော်စပ်သူ ဂျိုရှူဝါ ကူရှ်နာ ထူထောင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

အင်ဖန်တီနို လက်ထက်မှာတော့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဖီဖာဟာ ဖီဖာငြိမ်းချမ်းရေးဆုကို ဖန်တီးပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထရမ့်ကို ပထမဆုံးအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။