အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။
အီရန်က စစ်လျော်ကြေး တောင်းခဲ့တဲ့နောက် ထရမ့်က အခုလို ပုံစံနဲ့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်ကြားက စစ်ပွဲကို ရပ်ဆိုင်းဖို့၊ အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ဆိုရင် အမေရိကန် အနေနဲ့ အီရန်ကို စစ်လျော်ကြေး ပေးချေတာ အပါအဝင် အီရန်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောရလိမ့်မယ်လို့ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က သတိပေးထားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေမှာ ကြားခံအဖြစ် ကူညီပေးနေတဲ့ အိုမန် အစိုးရကနေတဆင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ဆီ ပေးပို့ခဲ့တဲ့ သတင်းစကားမှာ စစ်လျော်ကြေး ကိစ္စကို အီရန်က ထည့်သွင်း တောင်းဆိုလာခဲ့တာပါ။ အမေရိကန်က အစပြုခဲ့တဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် အမေရိကန်က နစ်နာကြေးပေးဖို့ တာဝန်ရှိကြောင်း အီရန်က ဆိုပါတယ်။
ဩဂုတ် ၁၀ ရက်နေ့မှာတော့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Turthမှာ ပို့စ်တစ်ခု တင်ခဲ့ပြီး အီရန်အနေနဲ့ ကိုယ့်လုပ်ရပ်တွေကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေအတွက်လည်း နစ်နာကြေး ပြန်ပေးသင့်ကြောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အီရန်ရဲ့ အဆိုပြုချက်က စိတ်ဝင်စားစရာ ကောင်းကြောင်း၊ သူ့ဖက်ကလည်း တူညီတဲ့ အခြေအနေမျိုးအဖြစ် အီရန်ဆီကနေ နစ်နာကြေး တောင်းစရာတွေ ရှိနေကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ထောင်ခဲ့သမျှ လမ်းဘေးမြေမြှုပ်မိုင်းတွေ၊ ဖန်တီးခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေမှာ သေဆုံးခဲ့ရတဲ့သူ အားလုံးအတွက်လည်း အီရန်က နစ်နာကြေး ပေးဖို့လိုတယ်လို့ ထရမ့်က ဆိုပါတယ်။ သူက ၂၀၀၀ ပြည့်နှစ်မှာ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Cole ဗုံးခွဲတိုက်ခိုက်ခံရပြီး အမေရိကန် ရေတပ်သား ၁၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ အီရန်လက်ဝေခံ အဖွဲ့အစည်းတွေကြောင့် ဖြစ်ပွားတဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း ထောင်နဲ့ချီ သေဆုံးခဲ့သူတွေ အတွက်ပါ နစ်နာကြေး ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ USS Coleကို ဗုံးခွဲခဲ့တာက အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ရဲ့ လက်ချက် ဖြစ်ပေမယ့် အီရန်က ရှုပ်ထွေး ပတ်သက်မှုတွေ ရှိနေကြောင်း ၂၀၁၅ ခုနှစ်မှာ အမေရိကန် တရားရုံး တစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါတင် မကသေးဘဲ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အီရန်ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုကို ဆန္ဒပြမိလို့ ရက်ရက်စက်စက် အသတ်ခံရတဲ့ အီရန် ပြည်သူတွေ အတွက်လည်း နစ်နာကြေး ပေးဖို့လိုကြောင်း ထရမ့်က ဆိုပါတယ်။ အဲဒီ ကိစ္စတွေ အားလုံးအတွက် သင့်တော်တဲ့ နစ်နာကြေးမျိုး အီရန်က လိုက်လျော ပေးချေလာအောင် ထည့်သွင်းတောင်းဆိုဖို့ အမေရိကန်ရဲ့ ညှိနှိုင်းရေး အရာရှိတွေဆီ အမိန့်ပေးထားလိုက်ကြောင်းလည်း ထရမ့်က ပြောပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ရာက စတင်ခဲ့တဲ့ အီရန်စစ်ပွဲ ၅ လကျော် ကြာမြင့်လာတဲ့ အတောအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၉ ရက်နေ့တုန်းက Axios သတင်းဌာနနဲ့ ဖုန်းဆက်ပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထရမ့်က သူဟာ အီရန်အပေါ် စစ်ရေးအရ ဖိအားပေး တိုက်ခိုက်မယ့် အစီအစဉ် အသစ်တွေကို ဆိုင်းငံ့ထားပြီး စီးပွားရေး ဖိအားပေးမှုတွေ တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အစောပိုင်း ဩဂုတ် ၃ ရက်နေ့ကတော့ အီရန်အနေနဲ့ အမေရိကန်နဲ့ ညှိနှိုင်း သဘောတူဖို့ နောက်ဆုံးအခွင့်အရေးကို လက်လွှတ်မိမယ်ဆိုရင် ခေါင်းဆောင်မှု အပိုင်းကို ဖြတ်တောက်ပစ်မယ် ဆိုတာမျိုး ထရမ့်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။
စစ်ပွဲကာလ တလျှောက်မှာ ထရမ့်ဟာ အီရန်အနေနဲ့ နျူကလီးယား လက်နက်တွေ မတည်ဆောက်ပါဘူးဆိုတဲ့ ခိုင်မာတဲ့ ကတိမျိုး ပါဝင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုကို ရယူဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိ အချိန်ထိ မအောင်မြင်သေးပါဘူး။ ဇွန်လတုန်းက အီရန်နဲ့ အမေရိကန်တို့ကြား စစ်ရပ်စဲရေးကိစ္စ ညှိနှိုင်းဆွေးနွေးကြဖို့ အကြို နားလည်မှု စာချွန်လွှာ (MoU) တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ပျက်ပြယ်သွားပြီး ပဋိပက္ခတွေလည်း ပြန်လည် စတင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ တရားဝင် အပစ်ရပ် သဘောတူထားတာမျိုး မဟုတ်ပေမယ့် နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားကြပါတယ်။
ကိုးကား: USA Today
ဓာတ်ပုံ – AP


















































