Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့မြိုင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်အားတိုက်ခိုက်ရာ သေဆုံးသူ ၅၀ကျော်ရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရဟု မကွေး PDF ထုတ်ပြန်

စစ်တပ်စစ်​ကြောင်း ​ရေနံ​မှော်​တွေနဲ့ပိုနီးလာဟု​ဒေသခံ​ပြော

(ပေါက်နဲ့မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - Magway PDF)

ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ပေါက်နဲ့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်တာ​ကြောင့်သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီးလက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကဒီကနေ့ထုတ်ပြန်ပါတယ်။

အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်းကို မေလကစတင်ပြီး လက်တလောအချိန်အထိစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို “အညာတမာ” စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာမကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်တာပါ။

“အညာတမာ”စစ်ဆင်ရေးအရပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့တော်လှန်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ စိုးမိုးဒေသတွေ ချဲ့ထွင်ရေးပါ၀င်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းဟာ ဇွန်လဆန်းပိုင်းမှာမြိုင်မြို့နယ်က တွင်းမပျူစောထီးစခန်းကနေ ပေါက်မြို့နယ် ထောက်ရှာပင် ကျေးရွာ ၊ အဲဒီနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာ၀င်ရောက်ပြီး ကိုင်းတောမ – ဝက်ပုတ် – ဘောတုံ- ဘောင့်ပင် -သင်းမ – ယာကြီးပြင် – တောင်စုံ – မှန်ရင်း အစရှိတဲ့ ကျေးရွာလမ်းပိုင်းတွေကို အသုံးပြုပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အနည်းဆုံး ၅၀ ‌ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။စစ်တပ်ရဲ့သေဆုံးမှုနဲ့ထိခိုက်မှုအရေအတွက်ကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တဲ့အပြင် လက်နက်(မဲ့) အလင်းဝင်ရောက်လာသူ ၄ဦးရှိပြီး သက်ဆိုင်ရာ မိဘတွေနဲ့ ချိတ်ဆက်ကာ နေရပ်အသီးသီးကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

“မနေ့ကလည်း စစ်ကြောင်းတိုက်ခံရသေးတယ်။အခုတော့ ရွေ့လာတဲ့ စစ်ကြောင်းအရဆိုရေနံမှော်တွေဘက်ကိုပိုတိုးလာတယ်ပြောရမယ်။လေကြောင်းကလည်း နေ့စဉ်နီးပါး ဗုံးကြဲနေတယ်”လို့ မြိုင်မြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ အညာတမာစစ်ဆင်ရေးမှာမကွေးပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ ၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ် ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊တိုင်းပကဖစစ်ကြောင်း(၄) နဲ့ MRG တပ်ဖွဲ့ တို့ပါ၀င်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ကမ္မတပ်ပေါင်းစု ၊ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု‌ တွေ နဲ့အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စနစ်တကျစုဖွဲ့တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်းက ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းကကျေးရွာပေါင်း ၁၁ရွာက ဒေသခံ နေအိမ် ၃၀၀ ၀န်းကျင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၄ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းကို တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကနေ တိုက်ခိုက်နေပြီး အခုထက်ပိုတဲ့ စည်းလုံးညီညွှတ်စုဖွဲ့မှုတွေနဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မအကြမ်းဖက်လုပ်ငန်းတွေမှာ ပါ၀င်နေကြတဲ့လူငယ်လူရွယ်တွေအနေနဲ့ ရုန်းထွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်က ပေါက်နဲ့ မြိုင် ဒေသအစပ် က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို ဦးတည်စစ်ကြောင်းထိုးနေပြီး ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာလို့စစ်ရေးသတင်းရင်း မြစ်တွေကလည်း ကနဦးသုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။