ကင်းဘရစ်ဂျ် တက္ကသိုလ်ရဲ့ လူမည်း ပါမောက္ခ တစ်ဦး စာတမ်းခိုးယူမှု စွပ်စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ပြီး မကြာခင်မှာပဲ သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ်ဟာ ဗြိတိန်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ပါတယ်။
ကင်းဘရစ်ဂျ်ရဲ့ အသက်အငယ်ဆုံး လူမည်းပါမောက္ခ တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဂျေဆန်အာဒေဟာ စွပ်စွဲခံရမှုတွေကြောင့် ရာထူးကနေ နုတ်ထွက်အပြီး ဩဂုတ် ၁၄ ရက်နေ့တုန်းက လန်ဒန်မြို့ရဲ့ တစ်နေရာမှာ သတိကင်းမဲ့လျက်သား ရှာတွေ့ခဲ့တာလို့ ရဲတွေက ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ် အာဒေ သေဆုံးမှုဟာ ပြင်ပပယောဂ မပါတဲ့၊ တစ်နည်းအားဖြင့် လူသတ်မှု မဟုတ်တဲ့ အခြေအနေလို့ ဆိုပါတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် တစ်နည်းနည်းနဲ့ အဆုံးစီရင်ခဲ့တာလို့ ယူဆရပေမယ့် ရဲတွေကတော့ တိတိကျကျ အတည်မပြုသေးပါဘူး။
သူဟာ ကင်းဘရစ်ဂျ်ရဲ့ လူမှုဗေဒ ပညာရေး ပါမောက္ခ တစ်ဦးအနေနဲ့ရော၊ စာရေးဆရာ တစ်ဦးအနေနဲ့ပါ လူသိများခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာတော့ သူ့ရဲ့ ပညာရပ်ဆိုင်ရာ တတ်သိနားလည်မှုကိုရော၊ ဂုဏ်သိက္ခာပိုင်းကိုပါ ထိုးနှက်မယ့် ကြီးမားတဲ့ စွပ်စွဲမှုတွေ စတင် ပေါ်ပေါက်လာပါတယ်။

Public Service Announcement
သူဟာ ကျမ်းပြုရေးသားမှုတွေမှာ တခြားသူတွေ စုဆောင်းထားတဲ့ အချက်အလက်တွေကို ခိုးယူခဲ့သလို စစ်မှန်မှု မရှိတဲ့ အချက်အလက်တွေကို လုပ်ကြံထည့်သွင်း ရေးသားထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုပါ ကြုံလာရပါတယ်။ ဒါတင် မကသေးဘဲ သူ့ကိုယ်ရေး အထုပ္ပတ္တိ ဝတ္ထုမှာ ရေးသားထားတဲ့ ရန်ပုံငွေရှာဖို့အတွက် ၃၅ ရက်တာ ကာလအတွင်း မာရသွန် ပြိုင်ပွဲ ၃၀ စာလောက် ခရီးအကွာအဝေးကို ပြေးခဲ့ဖူးတယ် ဆိုတဲ့အချက်မျိုးနဲ့ တခြား သမိုင်းဆိုင်ရာ အဆိုပြုချက်တွေကို မီဒီယာတွေက မေးခွန်းထုတ်လာခဲ့ပါတယ်။
အာဒေအပေါ် ပစ်မှတ်ထားတဲ့ ဝေဖန်မှု၊ မေးခွန်းထုတ်မှုတွေ များပြားလာတဲ့နောက် ကင်းဘရစ်ချ် တက္ကသိုလ်က ဒီကိစ္စအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဩဂုတ် ၅ ရက်နေ့မှာတော့ အာဒေဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သူက အမှားတချို့ ကျူးလွန်မိခဲ့တာ မှန်ပေမယ့် လူလိမ်တစ်ယောက်တော့ မဟုတ်ဘူးလို့ ပြောခဲ့သလို လက်ရှိ ပြဿနာတွေမှာ လူမျိုးရေး ခွဲခြားမှု အခြေခံ တိုက်ခိုက်မှုတွေ ပါဝင်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
သူ့ရဲ့ မိသားစုကတော့ အာဒေဟာ စိတ်သဘောထား နူးညံ့သိမ်မွေ့သူ တစ်ဦးလို့ ပြောကြားခဲ့ပြီး နိုင်ထက်စီးနင်း ဆက်ဆံမှုတွေကို ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူကွယ်လွန်သွားတဲ့ သတင်းကို ကြားသိရတဲ့နောက် လူအများက ဝမ်းနည်းခဲ့ပြီး သူ့အပေါ် ဆက်ဆံပုံတွေက အလွန်အကျွံ ဖြစ်ခဲ့သလားဆိုပြီး ထောက်ပြမှုတွေ ရှိလာပါတယ်။ နောက်ပြီး လူမျိုးရေး ခွဲခြားမှု သဘောထားတွေ တကယ်ပဲ ပါဝင်လာသလား ဆိုတာကိုလည်း သံသယနဲ့ မေးခွန်းထုတ်လာကြပါတယ်။
အာဒေဖက်က ရပ်တည်သူ ထင်ရှားတဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူ ပက်ထရစ် ဗာနွန်က ကျန်ရစ်သူ မိသားစုကို ကူညီပေးနိုင်ဖို့ GoFundMeမှာ ရန်ပုံငွေ ရှာဖွေတဲ့ လှုပ်ရှားမှုတစ်ခု အစပျိုးပေးခဲ့ပြီး လက်ရှိ အချိန်ထိ ဒေါ်လာ ၃၇၀၀၀ ကျော် ရရှိထားပါတယ်။
လူမျိုးရေး ခွဲခြားမှုနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို ဆန့်ကျင်တဲ့ ဗြိတိန် အဖွဲ့အစည်း Stand Up to Racismကလည်း အာဒေအတွက် အောက်မေ့မှုကို ပြသတဲ့ ဆုတောင်းပွဲတစ်ခုကို လန်ဒန်မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ အာဒေဖက်က ရပ်တည်သူတွေကတော့ သူ့ကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သူတွေနဲ့ မီဒီယာတွေရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချနေပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းကလည်း အာဒေ သေဆုံးမှုဟာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် တုန်လှုပ် ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘာကိုမှ အလျင်စလို ကောက်ချက်မချဘဲ ကိစ္စတွေက ဘယ်လိုဘယ်ပုံ အစပြုခဲ့သလဲ ဆိုတာကို ပြန်သုံးသပ်ဖို့ လိုလာပြီလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
မိသားစုရဲ့ ထုတ်ပြန်ချက်မှာတော့ အာဒေဟာ ကင်းဘရစ်ဂျ်မှာ ပါမောက္ခ ရာထူးကို လက်ခံယူပြီးချိန်ကစလို့ သုံးနှစ်ကျော်ကြာ ကာလအတွင်း ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်မှုတွေ၊ အနိုင်ကျင့်မှုတွေကို ဆက်တိုက် ခါးစည်းခံလာရကြောင်း ပါရှိခဲ့ပါတယ်။ အစောပိုင်း အချိန်တွေတုန်းက ကင်းဘရစ်ဂျ် တက္ကသိုလ်ဟာ အာဒေဖက်က ကာကွယ် ရပ်တည်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ကို စုံစမ်းစစ်ဆေးဖို့ စီစဉ်ခဲ့ပါတယ်။
အဲဒီစစ်ဆေးမှုတွေ အတောအတွင်း အာဒေဟာ မူလရာထူးအတိုင်း ဆက်ရှိမယ်လို့ တက္ကသိုလ်က ကြေညာခဲ့ပေမယ့် အာဒေက နုတ်ထွက်သွားခဲ့ပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ စာရေးဆရာနဲ့ ဂျာနယ်လစ် တစ်ဦးဖြစ်သူ အက်ရှ် ဆာခါကတော့ အာဒေဟာ ကင်းဘရစ်ဂျ် တက္ကသိုလ်ရဲ့ သမိုင်းမှာ စာတမ်းခိုးယူမှုနဲ့ စွပ်စွဲခံရတဲ့ ပထမဆုံး ပညာရှင် မဟုတ်သလို ကိုယ်ရေးအထုပ္ပတ္တိမှာ မေးခွန်းထုတ်စရာ အချက်တွေ ထည့်ရေးခဲ့တဲ့ ပထမဆုံး စာရေးဆရာလည်း မဟုတ်ကြောင်း၊ ဒါပေမဲ့ အဲဒီကိစ္စတွေကို သတင်းစာ အများအပြားရဲ့ မျက်နှာဖုံး သတင်းတွေအဖြစ် ကာလရှည်ကြာ ဖော်ပြတာကို ကြုံရတဲ့ ပထမဆုံး လူပုဂ္ဂိုလ်တော့ ဖြစ်သွားခဲ့ရှာကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: CNN


















































