ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ခေါင်းလောင်းတိုင်ကျေးရွာက အငယ်လေးဆိုသူဟာ စစ်တပ်ကပေါ်တာဆွဲခံရပြီး ၃လကျော်အကြာမှာ ကျေးရွာပြန်ရောက်နေတဲ့ သတင်းအရ အခုဩဂုတ် ၁၈ ရက်မှာ ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုကိုစုံစမ်းဖို့ ခိုင်းစေထားတယ်။သတင်းရလို့သွားရောက် ဖမ်းဆီးခဲ့ပါတယ်။သူရဲ့နေအိမ်မှာတင် တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်” လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် သတင်းပေးအဖြစ် အာဏာသိမ်းစစ်တပ်အရာရှိနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးတွေက ၁လကို ကျပ်၁သိန်းစီပေးပြီး ခိုင်းစေထားတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။
“PDF တပ်တွေရဲ့ သွားသွားလာလာတွေ ၊မသင်္ကာသူတွေရှိရင် သူတို့ကို ပြောဖို့ သားကို ပြန်လွှတ်လိုက်တယ်။ဗိုလ်မျိုးကြွယ်က။ရာထူးကတော့ မသိဘူး။သုံးပွင့်လား၊နှစ်ပွင့်လားတော့ မသိဘူး”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ဆေးမှုကို အငယ်လေးက ထွက်ဆိုပါတယ်။
PDF တပ်တွေရဲ့ ဖမ်းဆီးခံရပါက ဆေးကျတာ၊ဆေးမအောင်တာကြောင့် ပြန်လွှတ်ခံရတာလို့ ထွက်ဆိုဖို့ လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သင်ကြားပေးထားကြောင်းလည်း အသိပေးပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့စစ်တပ်သတင်းပေးဆိုတဲ့ စစ်မှုထမ်းတပ်သားကို စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


















































