သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်ဆုံးနေပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေဟာ လှေတွေနဲ့သာ သွားလာနေကြတာပါ။
“ရေစီးက အရမ်းသန်နေသေးတာ။ ဒေသခံတွေကလှေကိုအကျွမ်းတဝင်မရှိတော့မျောပါသွားတာပါ”လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
လှေပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်ပေမယ့်ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုမသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကိုရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
ဩဂုတ်လ၂၇ ရက်ညကလည်းငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက် တစ်ဦးပျောက်ဆုံးသွားပြီး နောက်နှစ်ရက်အကြာမှာ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ဒေသခံတွေဟာလှေတွေ၊စက်လှေတွေနဲ့ဝါးဖောင်တွေသုံးပြီးသွားလာနေရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့သြဂုတ်လ၁၈ရက်နေ့ကလည်းလူတဦး ရေနစ်သေဆုံးခဲ့သလို ၊သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကိုစစ်အုပ်စုကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေဘေးမှာ သြဂုတ်လ ၃၁ရက်နေ့အထိ ၁၄ဦးထက်မနည်းသေဆုံးထားပြီးငါးဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။


















































