စက်တင်ဘာ ၄၊ ၂၀၂၆ ဟာနာဆန်/People’s Spring
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။
လယ်ဝေးမြို့၊ နယ်မြေ(၁၀)၊ အမှတ် (၁) ရပ်ကွက်နေ စစ်သား ၂ဦးရဲ့မိခင်စျေးသည် ဒေါ်ခင်ဌေးမြင့်(ခ)ဒေါ်ဌေးဟာ သူ့ရဲ့သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို ၂၀၃၀ တပ်ရင်းက ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ပေါ်တာဆွဲသွားလို့ ကူညီပေးကြဖို့ Tiktok လူမှုကွန်ရက်ကနေ အကူအညီတောင်းခံလိုက်တာပါ။
“သား၃ ယောက်မွေးထားတာ။ သား ၂ယောက်က စစ်သား။ သား ၁ယောက်က လက်ရှိကျွန်မကိုလုပ်ကျွေးနေတာပါ။ အဲဒီကလေးကို ၂၀၃၀ တပ်မှ ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲထည့်လိုက်ပါတယ်။ ပေါ်တာထဲ လာဆွဲသွားပါတယ်ရှင်”ဆိုပြီး ဒေါ်ဌေးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဗိုလ်မှူးအောင်မင်းဟာ ၎င်းတို့ကိုလည်း သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေါ်ဌေးက ပြောပါတယ်။
“ကျွန်မမှာ သားသုံးယောက်ရှိပါတယ်။ နှစ်ယောက်ကလည်း စစ်တပ်ထဲမှာပါရှင်။ အဲဒါကိုလေ ဒီတစ်ယောက်လေးကိုလည်း ဇွတ်ထည့်တာ။ သားသမီးရှိတဲ့လူတွေ၊ သားတွေ မွေးထားတဲ့ အမျိုးသမီးတွေများ ကိုယ့်သားကို လိမ်လိမ်မာမာ ဖွက်ထားကြပါ။ မတရားလိုက်ပြီးတော့ လုပ်နေပါတယ်ရှင်”လို့ ဒေါ်ဌေးက နောက်ထပ် ရုပ်သံဖိုင်တစ်ခုနဲ့ ထပ်မံပြောဆိုခဲ့ပါတယ်။
သား စစ်သား ၂ဦးအနက် ၁ဦးကတော့ တိုက်ပွဲမှာကျသွားခဲ့တယ်လို့ ဒေါ်ဌေးက Comment ကနေ မှတ်ချက် ရေးသားထားတွေ့ ရပါတယ်။
ပေါ်တာဆွဲဲခံရတဲ့ မောင်ငြိမ်းချမ်းဝင်းဟာ အိမ်ထောင်သည်ဖြစ်ပြီး သူ့ဇနီးမှာလည်း ကိုယ်ဝန်ဆောင်ထားရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုပြုလုပ်လာပြီးတဲ့နောက် ယခုအခါ နေပြည်တော်လိုဒေသက တပ်မိသားစုဝင်ပါ ပေါ်တာဆွဲခံလာရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

















































