စက်တင်ဘာ ၈၊ ၂၀၂၆။ မေရီ/People’s Spring
ကလေးနေမကောင်းလို့ ပြန်သွားတွေ့တဲ့ ဖခင်တစ်ဦး ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မြစ်သားလမ်းဆုံ(ဒေသအခေါ် လက်ညှိုးထိုး)နေရာမှာ မန္တလေးမြို့ကနေ မိတ္ထီလာမြို့ကိုသွားတဲ့ လိုင်းကားပေါ်ကနေ ကိုမိုးနှင်းဦးဆိုသူ အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ၎င်းရဲ့အမျိုးသမီးဖြစ်သူက ငြိမ်းချမ်းရေးကွန်ရက်ဆိုတဲ့ Tiktok စာမျက်နှာကနေ ပြောထားပါတယ်။
၎င်းတို့ဟာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားဖြစ်သူ ကိုမိုးနှင်းဦးဟာ အမျိုးသမီးရဲ့ မိဘတွေနေအိမ်မှာထားထားတဲ့ ၎င်းတို့ရဲ့ (၄)လသမီးလေး ကျန်းမာရေး အရေးပေါ်ဖြစ်လို့ သွားတွေ့တဲ့အချိန် ပေါ်တာဆွဲခံလိုက်ရတာလို့ သိရပါတယ်။

Public Service Announcement
ပေါ်တာဆွဲခံရကြောင်း မြစ်သားမြို့နယ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက်သတင်းပို့ခဲ့ပြီး အသနားခံစာတင်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ လူငယ်တွေအနေနဲ့ ပေါ်တာအဆွဲမခံရအောင် ကြိုတင်ရှောင်ရှားကြဖို့ သတိပေးနေပါတယ်။

















































