Connect with us

Hi, what are you looking for?

သတင်း

၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပြီးခဲ့တဲ့နှစ် ညီလာခံကာလတလျှောက် မိန့်ခွန်း ၈၀ ကျော် ပြောကြားခဲ့ပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ပြည်သူအများ ကြုံတွေ့ခံစားနေရမှုများကို ဖော်ပြခဲ့

ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

စက်တင်ဘာ-၉၊ ၂၀၂၆။ People’s Spring

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ (81st Session of the United Nations General Assembly)ရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ရက် မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံမှာ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံပိတ်ပွဲအခမ်းအနားနဲ့ (၈၁)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း မျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများအပါအဝင် ကုလသမဂ္ဂရဲ့ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက် မိန့်ခွန်းများ ပြောကြားခဲ့ကာ ပြီးခဲ့တဲ့ ညီလာခံကာလတလျှောက်လုံး သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ကြောင်း ဖော်ပြပါတယ်။

ပြောကြားခဲ့တဲ့မိန့်ခွန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်များနဲ့ ဆက်စပ်၍ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထင်ဟပ်ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုလည်း မနေ့ကပဲ ဖွဲ့စည်းခဲ့ရာ ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံမှာ ဘဟားမားစ်၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်၊ ဂျမေကာ၊ ရုရှား၊ ဗန်ဝါးတူး၊ ယူဂန်ဒါနဲ့ အမေရိကန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ၂၀၂၁ ကတည်းက လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကြာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲကြပ်တည်းမှုအခြေအနေတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသိရှိကြောင်း နှစ်စဥ် မိန့်ခွန်းများပြောကြား အသိပေးခဲ့ပါတယ်။

ဒါ့ကြောင့်လည်း လက်ရှိမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေ စတင်လှုပ်ရှားကြိုးပမ်းမှုတွေ ရှိနေပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာကြောင့် လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဆက်လက်တက်ရောက်ခွင့်ရရှိနေတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။