စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကမ်းကပ်နားနေတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၉ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စီး မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ထပ်မံ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၈ရက်မှာ ကသာကနေ ရွှေကူမြို့ကို ထွက်ခွာလာပြီး ညပိုင်းမှာ ရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားတာပါ။ ကသာကနေ ရွှေကူမြို့ကို ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းမရှိပေမဲ့ ရွှေကူမှာ ကမ်းကပ်ထားချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
“ဒီမနက်စောစောစီးစီး ကျနော်တို့ ဒရုန်းတွေနဲ့ တိုက်ခိုက်လိုက်တော့ သင်္ဘော ၂စီး မီးလောင်နေပြီ။ နှစ်စီးလုံး မီးလောင်ပျက်စီးသွားပြီ။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မီးလောင်ပျက်စီးနေတဲ့ စစ်သင်္ဘောတွေရဲ့ မှတ်တမ်းကိုလည်း ပြသပါတယ်။ စစ်တပ်ဟာ မနေ့က စစ်သင်္ဘောတွေအပါအဝင် ရေယာဉ် ၆စီး ကသာမြို့ကနေ ထွက်ခွာလာတာပါ။
“ကမ်းကပ်နားနေတဲ့အချိန် မနေ့ညက နားတာ ဒီမနက် ကျနော်တို့ ဒရုန်းတွေနဲ့ သွားတိုက်ခိုက်တာ။သင်္ဘောက အားလုံး ၅စီး၊ စက်လှေ ၁စီးနဲ့ဆို ၆စီးပေါ့ မနေ့က ကသာက တက်လာတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာလဆန်းမှာလည်း ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်လာစဉ် သင်္ဘောတွေ တိုက်ခိုက်ခံရပြီး နစ်မြုပ်တာ၊ အချို့ မီးလောင်တာ၊ အချို့ ကမ်းကပ်လက်နက်ချတာရှိခဲ့ပါတယ်။ စစ်သင်္ဘောအုပ်စုက အလံဖြူထောင်လက်နက်ချလို့ စစ်သုံ့ပမ်း ၁၀၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ကြောင်း KIAက အသိပေးထားပါတယ်။ အဲဒီလို အထိနာခဲ့တာကြောင့် စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားထပ်ဖြည့်ဖို့ သင်္ဘောတွေ ထပ်မံ ဆန်တက်လာစဉ် ထပ်မံ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

















































