စက်တင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ်လနောက်ဆုံးပတ်က စစ်သင်္ဘောအုပ်စုဟာ ရွှေကူကနေ ဗန်းမော်မြို့ကို လာရောက်ဖို့ ကြိုးပမ်းစဉ်ကတည်းက မြစ်ကြောင်းလုံခြုံရေးအတွက် စစ်တပ်က ဇင်းဘုံဒေသတ၀ိုက်မှာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စက်တင်ဘာဒုတိယပတ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အရာရှိတွေအပါအဝင် စစ်တပ်က ထိခိုက်သေဆုံးများခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ရက်မှာ တပ်လန်ဆုတ်ခွာသွားတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement
အဲဒီဒေသကို စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များကာ လက်နက်များသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဇင်းဘုံဒေသ တိုက်ပွဲမှာ စစ်တပ်က တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးတာရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ ဇင်းဘုံဒေသကို ထိုးစစ်ဆင်လာတာဟာ ရွှေကူကနေ ဗန်းမော်မြို့ကို တက်မယ့် စစ်သင်္ဘောအုပ်စုအတွက် မြစ်ကြောင်းလုံခြုံရေး လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်မြေပြင် စစ်ကြောင်းတွေဟာ ဒေသကို မထိန်းချုပ်နိုင်သလို ရွှေကူကနေ ဗန်းမော်မြို့ကို တက်တဲ့ သင်္ဘောတွေဟာလည်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်မြုပ် ပျက်စီး မီးလောင်တာတွေရှိခဲ့ပါတယ်။
ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း ကသာ-ရွှေကူ-ဗန်းမော် မြစ်ကြောင်းမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော ၁၄စီးထက်မနည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
သင်္ဘောအများအစုဟာ ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခံခဲ့ရ ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ဇင်းဘုံအထက်က ဗန်းမော်မြို့နယ် စင်းခန်းဒေသကိုလည်း စစ်အင်အားတွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် စင်းခန်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စင်းခန်းမြစ်ကူးတံတားကိုပါ စစ်တပ်က စက်တင်ဘာ ပထမပတ်မှာ လေယာဉ်ဗုံးကြဲဖျက်ဆီးခဲ့လို့ တံတားပျက်စီးမှုရှိခဲ့ပါတယ်။
စစ်တပ်ဟာ စင်းခန်းဒေသက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်လည်ထိန်းချုပ်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်ခဲ့ပေမဲ့ လက်ရှိ စက်တင်ဘာဒုတိယပတ်အထိ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့နဲ့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။


















































