Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကဆင်းလာတဲ့စစ်သင်္ဘော၆စီးကိုKIAထပ်မံတိုက်ခိုက်၄စီးနစ်မြုပ်၂စီးမီးလောင်

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

(စက်တင်ဘာ ၁၃ရက်မနက်မှာ ဗန်းမော်မြို့နယ် လက်ပံတန်းရွာနဲ့ ဆူးပုတ်ကုန်း ရွာအနီး တိုက်ခိုက်ခံရတဲ့ သင်္ဘော အချို့။ ရုပ်သံ-စစ်ရေးသတင်းရင်းမြစ်)

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကနေဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်က ဒီက​နေ့မှာထပ်မံ ကြားဖြတ်တိုက်ခိုက်တာမှာ ၄ စီးနှစ်မြှပ်သွားပြီး ၂ စီးမီး​လောင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စက်တင်ဘာ ၁၃ရက် မနက်မှာ ဗန်းမော်မြို့ကနေ ​ရွှေကူမြို့ဘက်ကိုလာတဲ့ စစ်တပ်ရဲ့သင်္ဘောတွေကို စာ၀တီးရွာနဲ့ မြလယ်ရွာကြားမှာ KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“သင်္ဘော၃စီးကမီးလောင်သွားတယ်။ နောက်ထပ် ၃စီးက ရေထဲ မြုပ်သွားတယ်။ အခု မီးလောင်တဲ့ သင်္ဘောထဲက ၁စီး ပြန်မြုပ်သွားပြီဆိုတော့ ရေထဲမြုပ်သွားတာ လေးစီးရှိပြီ ။

Public Service Announcement

Public Service Announcement

မမြုပ်ဘဲရေပေါ် မီးလောင်နေတာက ၂စီး။ အားလုံးပေါင်း ၆ စီးပေါ့ ဒီမနက် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်နေတဲ့၊ နစ်မြုပ်စပြုနေတဲ့ မြင်ကွင်းတွေပါတဲ့ ရုပ်သံမှတ်တမ်း ၂ခုကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသပါတယ်။

နစ်မြုပ်စပြုနေတဲ့ သင်္ဘောဟာ မြလည်ရွာအနီး ဆူးပုတ်ကုန်းရွာဝန်းကျင်မှာ တိုက်ခိုက်ခံရတာလို့ဆိုပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်အောက် လက်ပံတန်းရွာအနီးမှာ တိုက်ခိုက်ခံရလို့ မီးလောင်နေတဲ့ စစ်တပ်သင်္ဘောရဲ့ မြင်ကွင်းပါရုပ်သံကိုပြသပါတယ်။သူကတော့စက်တင်ဘာ ၁၃တိုက်ခိုက်မှုမှာ ၁ စီးထိခိုက်ထားတာ သိထားရကြောင်းပြောပါတယ်။

စစ်တပ်တဲ့​ရေယာဥ်​တွေတိုက်ခိုက်ခံရပြီး​နောက်စစ်တပ်က အနီးဝန်းကျင်ကရွာ​တွေကိုလေကြောင်းက​နေဗုံးကြဲခဲ့တာ​ကြောင့် ဗန်းမော်မြို့နယ်ကောင်းတုံရွာနဲ့ စာ၀တီးရွာတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

“တရွာလုံးနီးပါး မီးလောင်သွားပြီ။ လေယာဉ်ဗုံးကြဲလို့။ လေယာဉ်က အဆက်မပြတ် ဗုံးကြဲနေတာ Y12 တွေနဲ့ဂျက်ဖိုက်တာတွေနဲ့”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၂ရက်ကလည်း ဗန်းမော်က ပြန်စုန်ဆင်းလာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၁စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ပျက်စီးသွားတဲ့ သင်္ဘောပေါ်ပါရှိလာတဲ့ စစ်သားတွေက အခြားသင်္ဘောပေါ် ရွှေ့ပြောင်းပြီး ပျက်စီးသွားတဲ့ သင်္ဘောကို ဆွဲခေါ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းဖော်ပြပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၁၂ ရက်ကလည်း ရွှေကူ၊ စင်းခန်း၊ ဗန်းမော် စတဲ့ ဧရာ၀တီမြစ်ကြောင်းတလျှောက်ကို ၁၅ကြိမ်ထက်မနည်းလေယာဉ်ဗုံးကြဲခဲ့ကြောင်း KIAက အသိပေးပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေ နဲ့ KIA ရဲ့ထုတ်ပြန်ချက်​တွေအရ ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁၂ရက်နေ့အထိ စစ်ကောင်စီ သင်္ဘောတွေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ၊ သံခွန်သင်္ဘောတွေ တွန်းသ

င်္ဘောတွေ စုစုပေါင်း ၁၈ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါ​ကြောင့်စက်တင်ဘာ ၁၃ မှာKIA ပူး​ပေါင်းတပ်က ၆စီးထပ်မံတိုက်ခိုက်နှစ်မြှပ်ခဲ့တာ​ကြောင့်စစ်သင်္ဘောအစီး​ရေ ၂၄ စီးဝန်းကျင်ပျက်စီးခဲ့ပြီဖြစ်ပါတယ်။

စစ်တပ်ကအရပ်သား သင်္ဘော​​တွေကိုပါ ​​ချောဆွဲခဲ့တာ​ကြောင့် ပျက်စီးတဲ့ သင်္ဘော​တွေထဲမှာ စစ်တပ်က​ချောဆွဲပြီး စစ်တပ်အတွက် စစ်ကူနဲ့လက်နက်ခဲယမ်းရိက္ခာ​တွေသယ်​ပေးရတဲ့ အရပ်သား သင်္ဘောအချို့လည်းပါဝင်ပါတယ်။ စစ်သင်္ဘောအများစုဟာ ရွှေကူမြို့နဲ့ ဗန်းမော်အကြားမှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

စစ်တပ်က မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခံ​နေရတဲ့ ဗန်း​မော်မြို့ကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာ​တွေဖြည့်ဖို့ မန္တလေးကနေ သင်္ဘောတွေ နှစ်ကြိမ်စေလွှတ်ခဲ့တာပါ။ ပထမအကြိမ် ဩဂုတ် နောက်ဆုံးပတ်မှာ စစ်သင်္ဘောတွေအပါအဝင် ၁၅စီး ဖြစ်ပြီး စက်တင်ဘာ ဒုတိယပတ်မှာ စစ်သင်္ဘောတွေအပါအဝင် ၆စီး ကချင်ပြည်နယ်ကို ဝင်ရောက်ခဲ့တာပါ။ ဒါ့အပြင် ရွှေကူကနေ ဗန်းမော်ကို ဆက်လက်ထွက်ခွာရာမှာ အရပ်သားတွေရဲ့ သင်္ဘောတွေကိုပါ စစ်တပ်က အသုံးပြု ခဲ့တာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြေပါတယ်။ ဒါကြောင့် တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ စစ်တပ်သင်္ဘောအရေအတွက်တွေကို အတိအကျ ပြောဖို့ ခက်ခဲတယ်လို့ အသိပေးပါတယ်။ဒါပေမဲ့ စစ်တပ်ရဲ့ သင်္ဘောတော်တော်များများကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကမ်းကပ်ထားတဲ့သင်္ဘောအချို့နဲ့ မြစ်အတွင်းမောင်းပြေးတဲ့အမြန်ရေယာဉ်ငယ် တိုက်ခိုက်ခံရမှု ရုပ်သံ ထွက်ပေါ်

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။