စက်တင်ဘာ -၁၄၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းကတည်းက နန်းမယ်ခုံမြို့အနီးက ကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ညပိုင်းအထိ ဒရုန်းတွေ ပျံဝဲနေဆဲလို့ ဆိုပါတယ်။
“သာယပ်ရွာက သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဒရုန်းထိပြီးဆုံးတယ်။နောက်နှစ်ဦးလည်း ဒဏ်ရာရတယ် ကြားတယ်”လို့ ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“နန်းမယ်ခုံ မြို့နယ်တဝိုက် ဒီနေ့ည ဒရုန်းသွားလာတာ တွေ့မြင်နေရပါတယ် ကြားနေရပါတယ် ကြဲချတယ်လို့လည်း သတင်းတွေရတယ်။လုံခြုံရာမှာ ပုန်းခိုနေကြပါ”လို့ သူက ပြောပါတယ်။
အခုစက်တင်ဘာ ၁၁ ရက်မှာ ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။
မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။အရင် ၃ကြိမ်စလုံးမှာ ထိခိုက်သေဆုံးမှုတွေကြောင့် မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
“လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က စစ်တပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။


















































