Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်လိုကြောင်း Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မင်းအောင်လှိုင်ပြော

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

စက်တင်ဘာ – ၂၃ ၊၂၀၂၆

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

ဖန်တီးထားတဲ့ရွေးကောက်ပွဲတစ်ခုကိုအသုံးချကာသမ္မတရာထူးကို ရယူပြီး နောက်ပိုင်းမှာ မင်းအောင်လှိုင်ဟာ ပထမဆုံးအကြိမ် အနောက်ကမ္ဘာက မီဒီယာတစ်ခုနဲ့ အင်တာဗျူးဖြေကြားခဲ့ရာမှာ အခုလို ပြောဆိုသွားတာပါ။ သူဟာ Time မဂ္ဂဇင်းနဲ့ အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကသူ့အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ကူညီ ဖော်ဆောင်ပေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခြေအနေကနေတဆင့်တက်ပြီး မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနစ် ပြည့်ဝတဲ့ နိုင်ငံကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီကို ပုံဖော်ရာမှာ နိုင်ငံတစ်ခုနဲ့တစ်ခု တူညီမှာ မဟုတ်ဘဲ မြန်မာကတော့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ဒီမိုကရေစီ ပုံစံကို တည်ဆောက်မယ်လို့ ရွေးကောက်ခံအရပ် သားဒီမိုကရေစီ အစိုးရဆီက အဓမ္မ အာဏာသိမ်းခဲ့သူက ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီဟာ အမေရိကန်၊ ဒါမှမဟုတ် အနောက်ဥရောပ နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ပုံတူကူးဖို့ မလိုဘူးလို့ မင်းအောင်လှိုင်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒီမိုကရေစီ ပုံစံအမျိုးမျိုး ရှိကြောင်း၊ အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီတွေ ကွဲပြားပေမယ့် မြန်မာကတော့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ အမှန်တကယ် ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်မျိုး ပိုင်ဆိုင်နိုင်တာ သေချာအောင် သူ့အနေနဲ့ သေချာကိုင်တွယ် ဆောင်ရွက်မှာဖြစ်ကြောင်း မင်းအောင်လှိုင်က Time မဂ္ဂဇင်းကို ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်ဆံ့ဖို့ သူ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး Time ရဲ့ မေးခွန်းတွေကို ဖြေဆိုရာမှာ သူ့ရဲ့ တချို့ အဖြေတွေက မေးခွန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိနိုင်တာကိုလည်း မင်းအောင်လှိုင်က ဝန်ခံခဲ့ပါတယ်။

သူ့အဖြေ တချို့က မေးခွန်းနဲ့ တိုက်ရိုက် ထိတွေ့ပတ်သက်မှု မရှိရင်တောင် အသုံးတော့ဝင်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

သူ့ဇာတိအကြောင်း မေးတော့လည်း မင်းအောင်လှိုင်က သူဟာ မွေးရပ်မြို့နယ်ဆီကို မကြာခဏ ပြန်လည်သွားရောက်ခဲ့ဖူးကြောင်း၊ သတင်းတွေကို သေချာစောင့်ကြည့်ရင် သူ့ဇာတိကို ခန့်မှန်းနိုင်မှာဖြစ်ကြောင်း မင်းအောင်လှိုင်က Timeမဂ္ဂဇင်းကို ပဟေဠိ ပြန်ဝှက်သွားပါတယ်။

Wikipediaမှာတော့ မင်းအောင်လှိုင်ရဲ့ မွေးရပ်ဇာတိကို မကွေးတိုင်းရဲ့ မင်းဘူးမြို့နယ်လို့ ဖော်ပြထားပါတယ်။

သူဦးဆောင်တဲ့ စစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်၊ အနိုင်ကျင့် သတ်ဖြတ်နေပေမယ့်လည်း မင်းအောင်လှိုင်ကတော့ တပ်မတော်ဟာ နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ပြည်သူတွေပဲလို့ Timeကို ပြောကြားသွားပါတယ်။

သူဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတကာ မျက်နှာစာမှာ နာမည်အပျက်ဆုံး ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့လည်း မင်းအောင်လှိုင်ကတော့ ဘယ်လို အမှားအယွင်းကိုမှ မကျူးလွန်ခဲ့ဘူးလို့ ကာကွယ် ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အများစွပ်စွဲနေတဲ့ လုပ်ရပ်မျိုးတွေကို စစ်တပ်က ဘင်္ဂါလီတွေအပေါ်မှာ လုံးဝ မကျူးလွန်ခဲ့ကြောင်း၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အတွက်ပဲ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို ကန့်သတ် ထိန်းသိမ်းထားကြောင်း၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ ရှင်းလင်းပီပြင်တဲ့ အသိတရားမျိုး ရှိနေကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။

အင်တာဗျူးထဲမှာ သူက ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေလို့ပဲ သုံးနှုန်းသွားပါတယ်။

အင်တာဗျူးမှာ မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတလို့ပဲ ရည်ညွှန်းခဲ့ပါတယ်။ သူက ဂေါက်သီး ဝါသနာပါတဲ့ အကြောင်းကိုလည်း ဝန်ခံခဲ့ပြီး ဒါပေမဲ့ လောလောဆယ်မှာတော့ ကျောမှာ ပြဿနာ ရှိနေလို့ ဂေါက်ကွင်းတွေနဲ့ ဝေးကွာနေသေးကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ကိုးကား – Time

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook