အခုနှစ် America’s Got Talent (AMG) အစီအစဉ်မှာ ထိုင်းနိုင်ငံက ဆယ်ကျော်သက် အဆိုတော်၊ ဂစ်တာသမား မိန်းကလေး နေနေ ရိုင်ရယ်လ်က အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်မှု ပါရမီ အမျိုးမျိုးကို ပြသပြီး ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကြီးရဲ့ ၂၁ ခုမြောက် ရာသီမှာ နေနေက ဗိုလ်စွဲပြီး အမေရိကန် ဒေါ်လာ ၁ သန်း ဆုကြေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဖူးခက်ဒေသခံ နေနေဟာ AMGမှာ ပါဝင်ယှဉ်ပြိုင်ရင်း ထိုင်းမှာရော၊ ကမ္ဘာအနှံ့မှာပါ ပရိသတ်တွေ တိုးပွားပြီး ဂီတကြယ်ပွင့် တစ်ဦးအဖြစ် လျင်လျင်မြန်မြန် အသိအမှတ်ပြု ခံလာရသူပါ။
နာမည်ရင်းက ရတ်တစ်ကန် အမ်လွိုင်ဖြစ်ပေမယ့် သူ့ရဲ့ အနုပညာ နာမည်နဲ့ ပိုပြီး လူသိများတဲ့ နေနေဟာ စက်တင်ဘာ ၂၃ ရက်နေ့ AMGရဲ့ ရလဒ်ကြေညာမှုတွေ ထွက်ပေါ်လာချိန်မှာတော့ ဗိုလ်လုပွဲရောက် ပြိုင်ဘက် ၉ ဦးကို အနိုင်ယူ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ အဆင့်မှာတော့ သူဟာ The White Stripesရဲ့ Seven Nation Army သီချင်းနဲ့ ဖျော်ဖြေပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။
“မင်းနိုင်သင့်တယ်။ သူ့ကိုသာ ဒေါ်လာ တစ်သန်း ပေးလိုက်ကြပါတော့”လို့ စက်တင်ဘာ ၂၂ ရက် ဖျော်ဖြေမှု အပြီးမှာ ဒိုင်လူကြီး ဟောင်ဝီမန်ဒဲလ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူဟာ Cranberriesရဲ့ Zombie သီချင်းကို AMGမှာ ဖျော်ဖြေရာက စတင်ပြီး လူသိများလာခဲ့ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း အဲဒီ ဖျော်ဖြေမှု ဗီဒီယို ကြည့်ရှုသူ အရေအတွက် သန်းပေါင်း ရာနဲ့ချီ များပြားခဲ့ပါတယ်။
AMGမှာ နေနေ ပြိုင်ပွဲဝင်နေတဲ့ ကာလတလျှောက် မိခင်နိုင်ငံမှာလည်း သူ့ကို အားပေးထောက်ခံသူ ဦးရေက တရိပ်ရိပ် တိုးပွားလာပါတယ်။ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကလည်း နေနေကို အစိုးရ အနေနဲ့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ကမ္ဘာလှည့် ခရီးသွားဌာန တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
အနူတင်ဟာ နေနေကို အစိုးရ အိမ်တော်ဆီ ဖိတ်ကြားတွေ့ဆုံဖူးပြီး ဆယ်ကျော်သက် ဂီတကြယ်ပွင့်လေးကလည်း ထိုင်းRock သီချင်း တစ်ပုဒ်ကို ဂီတာတီးပြီး ဖျော်ဖြေပြခဲ့ပါတယ်။ ထိုင်းအစိုးရ တာဝန်ရှိသူတွေဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ဖွံ့ဖြိုးရေး အစီအမံဖြစ်တဲ့ ‘Amazing Thailand’မှာလည်း နေနေရဲ့ ပုံရိပ်ကို ထည့်သွင်း အသုံးပြုနိုင်ရေး အတွက်လည်း ဆွေးနွေးနေပါတယ်။
ဖူးခက်က ညစျေးတစ်ခုမှာ ဂီတာတီး ဖျော်ဖြေရင်း ငွေရှာခဲ့ရဖူးတဲ့ ကလေးမလေး တစ်ယောက်က AGTရဲ့ ဒေါ်လာ ၁ သန်း အမြင့်ဆုံး ဆုကြေးကို ဆွတ်ခူးနိုင်ခြင်းဟာ အံ့မခန်း အလှည့်အပြောင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ နေနေဟာ အသက် ၇ နှစ် အရွယ်မှာ ဘတ် ၁၆၀၀ တန် ဂီတာလေး တစ်လုံးကို ပထမဆုံး ရရှိခဲ့ပါတယ်။ တစ်လကို ဘတ် ၁၀၀၀၀ အောက်လောက်ပဲ ဝင်ငွေရှိတဲ့ မိသားစုအတွက်တော့ အဲဒီ ဂီတာလေးက အတော်စျေးကြီးပါတယ်။
ဖခင်ဖြစ်သူက နေနေ အနေနဲ့ သူ့ရဲ့ သင်ယူမှုတွေအတွက် စျေးမှာ ကိုယ်တိုင် ဂီတာတီး ဖျော်ဖြေရင်း ငွေရှာဖို့ အကြံပေးခဲ့ပါတယ်။ ဗိုလ်လုပွဲ အဆင့်မှာ ဖျော်ဖြေပြီးတဲ့နောက် နေနေက သူဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်း အမှတ်တရ ပြန်ပြောပါတယ်။ ပထမဆုံးအကြိမ် ဂီတာကို ထိတွေ့ခဲ့တုန်းက သူအရမ်းငယ်သေးကြောင်း၊ ဒါပေမဲ့ အဲဒီအချိန်ကတည်းက Rockဂီတ စတားတစ်ယောက် ဖြစ်လာချင်တယ်လို့ အတွေးဝင်ခဲ့ကြောင်း နေနေက ဆိုပါတယ်။
အခုတော့ သူ့အိပ်မက်တွေက တကယ်အထမြောက်လာခဲ့ပါတယ်။ AMGမှာ နေနေက ပထမဆု ရရှိခဲ့ပြီး ဂီတ ပညာရှင် ဂျီနို ပလိုဂျာက ဒုတိယဆု၊ Hundred Fingers မျက်လှည့်အဖွဲ့က တတိယဆုတွေအတွက် အသီးသီး ရွေးချယ်ခံခဲ့ရပါတယ်။
ကိုးကား: Bloomberg



















































