အောက်တိုဘာ-၁၁၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်းအစပ် ချင်းပြည်နယ်က ကျင်ဒွေးမြို့ထိုးစစ်မှာ ထိခိုက်သေဆုံးမှုများနေတဲ့ အာဏာသိမ်းစစ်တပ်က အင်အားထပ်ဖြည့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းပေါ်က မဆာတွီကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်က ကျင်းဒွေးမြို့ဆီ ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အခု စခက သူတို့ ထိုင်ထားတဲ့ မဆာတွီကနေကျော်ပြီး မောချောင်းကို ၀င်ချင်နေတာပေါ့။မောချောင်းနဲ့ ကျင်ဒွေးမြို့နဲ့ဆို ခြောက်မိုင်ကျော်ကျော်လောက်တော့ ဝေးသေးတယ်။စစ်ကြောင်းနဲ့ တိုးတာတော့ မဟုတ်ဘူး။ လေယာဉ်နဲ့ အရင် ဗုံးကြဲနေတာ။တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲ”လို့ လောင်းရှည်မြို့တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်က လောင်းရှည်အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၅) ကနေ လောင်းရှည်မြို့ပေါ်ကို အင်အား ထပ်မံဖြည့်ကာ အဲဒီကတဆင့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းကို ပို့ဆောင်နေဝာာလို့ သူက အသိပေးပါတယ်။
မနေ့က(အောက်တိုဘာ ၁၀ ရက်)နေ့လယ်ကလည်း မောချောင်းရွာ အနီးမှာ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်း (လောင်းရှည်)ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က လောင်းရှည်ဒေသ ဆွဲလွဲကျင်းရွာကတဆင့် ကျင်ဒွေးမြို့ဘက်ခြမ်းက မဆာတွီ နဲ့ မောချောင်းရွာတွေကြားမှာ အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။
စက်တင်ဘာနောက်ဆုံးပတ် နဲ့ အခုရက်ပိုင်းမှာ ကျင်ဒွေးနဲ့ ဆက်စပ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်က ၅၀ ဝန်း ကျင်သေဆုံးကာ ဆယ်နဲ့ချီ လက်နက်ချအလင်းဝင်လာသူတွေရှိကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ် ကန်ပက်လက် ၊ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA)က ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
ကျင်ဒွေးမြို့ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်၀ မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေနဲ့လည်း ထိစပ်နေပါတယ်။
“ကျင်ဒွေးကိုသာပြန်ပေးလိုက်ရရင်တော့ ရခိုင်နဲ့ နီးသွားမှာပေါ့။စစ်တပ်ကလည်း အဲဒီရည်ရွယ်ချက်နဲ့ ထိုးလာတာလို့မြင်တယ်။ ဒါပေမယ့် AA ကလည်း ချင်းပြည်နယ်ဘက်မှာ စစ်ဒေသအသစ်တခုဖွဲ့ပြီးတော့ သေချာပြင်ဆင်ထားတာတွေ့ရတယ်။ ပြောရရင်တော့ စစ်တပ်ဟာ ချင်းပြည်နယ်ထဲကိုရော ရခိုင်ဘက်ကိုပါ ပြန်ထိုးဖောက်ဖို့ ဆိုတာက တော်တော်ခဲယဉ်း သွားပြီ” လို့ AA နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်စစ်မျက် နှာတို့ကနေ ထိုးဖောက်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်အစပ် မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်တို့ကလည်း AA ထိန်းချုပ်ရာဒေသတွေဆီ ထိုးဖောက်ဖို့ ကြိုးစားနေပြီး ရခိုင် ပြည်တွင်း စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။



















































