အောက်တိုဘာ ၁၈၊၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်အင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည် အတိုင်ပင်ခံ ကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့မှ တာဝန်ရှိသူတွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၆ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ဆိုပါတယ်။
၂၀၂၆ ဇူလိုင်အတွင်းမှာ SCEF နဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ပထမအကြိမ်တွေ့ဆုံခဲ့ပြီးနောက် နှစ်လခွဲကျော်အကြာမှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement
တွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ NMSP-AD ခေါင်းဆောင် ဗိုလ်ချုပ်နိုင်လယီကောင်းနဲ့ တာဝန်ရှိသူတွေ ပါဝင်ခဲ့ပြီး ပဒိုစောတာဒိုမူးက SCEFရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြတာ၊ မေးခွန်းမေးမြန်း အပြန်အလှန် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေကိုတော့ SCEFက ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ SCEFဟာ အဖွဲဝင်သစ်တွေ တိုးလာရေး၊ မိတ်ဖက်အင်အားစုတွေနဲ့ ပူးပေါင်းမှု မြှင့်တင်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
အခု အောက်တိုဘာလအတွင်းမှာ အာရက္ခတပ်တော်(ULA/AA)၊ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ကို SCEFက သီးခြားစီ တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး မကွေးဖက်ဒရယ်ယူနစ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ တို့ဟာ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီးဖြစ်ပါတယ်။



















































