နိုဝင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်။ People’s Spring
ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး အကြီးအကဲ မက်သီးယက်စ် လစ်ဟာ့ဇ်(Mathias Licharz) က ပြောကြားလိုက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံး ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။
ဂျာမနီသံရုံးအကြီးအကဲဟာ ဒီကနေ့ နိုဝင်ဘာ ၈ရက်မှာ ကျရောက်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဆုတောင်းစကား ပြောကြားမှုကို ရန်ကုန်မြို့က သမ္မတ ဦးဝင်းမြင့်နေထိုင်ခဲ့တဲ့ နေအိမ်တိုက်ခန်းရှေ့မှာ သွားရောက် ပြောကြားခဲ့တာကို ဂျာမနီသံရုံးက ထုတ်ပြန်ထားပါတယ်။
” ဒီနေ့ဟာ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်။ဦးဝင်းမြင့်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နေပြည်တော်က ထုတ်ပြန်ချက်အရ ဦးဝင်းမြင့်ကို ဒီနှစ် ဧပြီလမှာ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကျနော်တို့ နိုင်ငံ ဂျာမနီကလည်း ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာချက်ကို ကြိုဆိုခဲ့ပါတယ်”လို့ ဂျာမနီ သံရုံးအကြီးအကဲက ပြောပါတယ်။

Public Service Announcement
အဲဒီ ကြေညာချက်ထွက်ပေါ်လာပြီးနောက် သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ကြောင်းလည်း ဂျာမနီ သံရုံးအကြီးအကဲက ပြောပါတယ်။
“အခု ကျနော်ရောက်ရှိနေတာကတော့ ရန်ကုန်မြို့မှာ ဦးဝင်းမြင့် အရင်က နေထိုင်ခဲ့တဲ့ နေအိမ်ရှေ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့ အတွက် ခွင့်ပြုချက်ယူဖို့ လိုအပ်တယ်လို့ နေပြည်တော်ဘက်ကနေ ကျနော်ကို အကြောင်းကြားခဲ့ပါတယ်။ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ ခြောက်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ ကျနော် ခွင့်ပြုချက်မရသေးပါဘူး။ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တခုပဲ ရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှုမရှိသေးပါဘူး။ သူတွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်မရှိသလို အခြားသူတွေနဲ့လည်း လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်မရှိပါဘူး။” လို့ ဂျာမနီသံရုံးအကြီးအကဲက ပြောပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ ဂျာမနီအစိုးရ တို့ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်မံ အလေးပေး ပြောကြားလိုကြောင်း ဂျာမနီသံရုံးအကြီးအကဲက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေအဆုံးသတ်နိုင်ဖို့ အတွက် အမှန်တကယ် အဓိပ္ပါယ်ရှိပြီး ရိုးသားပွင့်လင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
“ဦးဝင်းမြင့်ကို မွေးနေ့ ဆုတောင်းစကား ပြောကြားလိုပါတယ်။ ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံအတွက် အရာရာ အဆင်ပြေကောင်းမွန်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” လို့လည်း ဂျာမနီသံရုံးအကြီးအကဲက ပြောကြားပါတယ်။




















































