နိုဝင်ဘာ-၁၂၊ ၂၀၂၆။ဟန်နွေ/People’s Spring
မြန်မာနိုင်ငံကိုသွားရောက်မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးအကြီးအကဲ မက်သီးယက်စ် လစ်ဟာ့ဇ် ကဲ့သို့ သံတမန်ရေးရာ သတ္တိပြသဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ရဲ့ နိုဝင်ဘာ ၁၂ရက် နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီးထိုင်းအမတ်ဟောင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားပြီး အခုလို တိုက်တွန်းလိုက်တာပါ။
ဂျာမနီသံရုံး အကြီးအကဲဟာ နိုဝင်ဘာ ၈ရက်က ဦးဝင်းမြင့်မွေးနေ့မှာ မွေ့နေ့ဆုတောင်းစကား ပြောကြားတဲ့ ရုပ်သံကို သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီရုပ်သံမှာ ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး အကြီးအကဲ မက်သီးယက်စ်က ပြောကြားခဲ့ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံး ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့တာပါ။ အဲဒီလို ပြောကြားခဲ့လို့ ဂျာမနီသံရုံး အကြီးအကဲကို အာဏာသိမ်း စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူ သတိပေးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
” အခြေခံမူများနှင့် အမှန်တရားအပေါ် ရပ်တည်သော သံတမန်ရေးရာ သတ္တိဖြစ်ပါသည် !! ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းကြောင့် အာဏာရှိသူများ၏ ဖိအား သို့မဟုတ် မကျေနပ်မှုများကို ရင်ဆိုင်ရနိုင်သည်ကို သိရှိသော်လည်း ဂျာမနီသံရုံး ယာယီတာဝန်ခံသည် လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နှင့် နိုင်ငံရေးတရားဝင်မှုဆိုင်ရာ အခြေခံမူများကို အတည်ပြုရန် မိမိ၏အသံကို အသုံးပြုရန် ရွေးချယ်ခဲ့ပါသည်” လို့ ထိုင်းအမတ်ဟောင်းက ပြောပါတယ်။
မြန်မာကိုသွားမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး အကြီးအကဲရဲ့ သံတမန်ရေးရာ တာဝန်ထမ်းဆောင်ပုံကို နမူနာယူပြီး သံတမန်ရေးရာ သတ္တိပြသတာကို မြင်တွေ့လိုကြောင်း ထိုင်းအမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။
“သံတမန်ရေးဆိုသည်မှာ တွေ့ဆုံထိုင်ပြီး ဓာတ်ပုံရိုက်ရုံမျှသာ မဟုတ်ပါ။ လိုအပ်သည့်အရာများကို ရဲရဲဝံ့ဝံ့ ပြောဆိုရမည်၊ အခြေခံမူများကို အတည်ပြုရမည်၊ ထိခိုက်ခံစားနေရသော ပြည်သူများ၏အသံကိုလည်း ဆွေးနွေးပွဲစားပွဲဝိုင်းထဲသို့ ယူဆောင်လာရမည်ဖြစ်ပါသည်။ထို့ကြောင့် ယနေ့သည် ထိုင်းနိုင်ငံအနေဖြင့် “ဆွေးနွေးရန် သွားရောက်ခြင်း” သာ ပြုမည်လား၊ သို့မဟုတ် ဤအခွင့်အရေးကို အသုံးပြုပြီး သံတမန်ရေးရာ ဦးဆောင်မှုကို အမှန်တကယ် ပြသမည်လားဆိုသည်ကို စမ်းသပ်မည့် အရေးကြီးသောနေ့ဖြစ်ပါသည်” လို့ ထိုင်းအမတ်ဟောင်းက ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာခရီးစဉ်ဟာ လတ်တလော ပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးတာ သို့မဟုတ် အာဏာရှင်သူတွေနဲ့ ဆက်ဆံရေး ထိန်းသိမ်းခြင်းမျှသာ မဖြစ်သင့်ဟုလည်း ထိုင်းအမတ်ဟောင်းက ပြောပါတယ်။
ထိုင်းနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဦးဆောင်သူအဖြစ် အလေးအနက် ပါဝင်ပြသဖို့၊ မတည်ငြိမ်မှု၏ အရင်းခံအကြောင်းရင်းများကို ရဲရဲဝံ့ဝံ့ ပြောဆိုဖို့ လည်း တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို မေ့မထားဘဲ အကြမ်းဖက်မှုများကို ချက်ချင်း၊ ခြွင်းချက်မရှိ ရပ်တန့်ရေး တောင်းဆိုရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုရမယ်လို့ ထိုင်းအမတ်ဟောင်းက နိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ကို တိုက်တွန်းပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စစ်ဆင်ရေးတွေဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ထိုင်းပြည်သူများရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေဖို့ နယ်စပ်ကို ကျော်လွန်မလာရန် ဆွေးနွေးဖို့၊ နယ်စပ်မှာ လုံခြုံရေးဇုန် (safety zone)နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ (humanitarian corridor) တို့ ထားရှိရေး တောင်းဆိုရမယ်လို့ ထိုင်းအမတ်ဟောင်းက အကြံပြုထားပါတယ်။
ထိုင်းသတင်းဌာန The Nationရဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်မှာ နယ်စပ်မြစ်ညစ်ညမ်းမှု ကိစ္စအပြင် နယ်စပ်ဖြတ်ကျော် လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးသီးကျရောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေက ထိုင်းပိုင်နက်နဲ့ အရပ်သားပြည်သူတွေအပေါ် သက်ရောက်မှုမရှိစေရဘူးဆိုတဲ့ အစဥ်အလာနားလည်မှုသဘောတူညီချက်ကို ထပ်လောင်း ပြောကြားသွားဖို့ရှိကြောင်း ဖော်ပြထားပါတယ်။




















































