နိုဝင်ဘာ-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA)တရားရေးဌာနက အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
Wa News Land ရဲ့ နိုဝင်ဘာ ၁၂ရက် သတင်းဖော်ပြချက်မှာ UWSA တရားရေးဌာနရဲ့တရုတ်ဘာသာနဲ့ရေးသားထားတဲ့ကြေညာချက်ကိုဖော်ပြထားရာ စောင့်ကြည့်ပြီး အရေးယူမယ့်အကြောင်း အသိပေးထားပါတယ်။
အွန်လိုင်းပေါ်မှာ အပျက်သဘောဆောင်သော သတင်းအမှားများ ဖြန့်ဝေခြင်း၊ ရည်ရွယ်ချက်ရှိရှိ အသရေဖျက်ခြင်း၊ မမှန်ကန်သော ပြောဆိုချက်များ ဖြန့်ဝေခြင်းနဲ့ အွန်လိုင်းပလက်ဖောင်းအသီးသီးမှာ စည်းကမ်းဖောက်ဖျက်သော ပစ္စည်းများ၊ ဥပဒေချိုးဖောက်သော သတင်းအချက်အလက်များ၊ စည်းကမ်းမညီသော ဗီဒီယိုများ တင်ခြင်းစတာတွေကို စစ်ဆေးအရေးယူသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Public Service Announcement
အခု ကြေညာချက်ဟာ နိုဝင်ဘာပထမပတ်က ထုတ်ပြန်ခဲ့တဲ့ကြေညာချက် ဖြစ်တာကိုတွေ့ရပါတယ်။ ကြေညာချက် မထုတ်ပြန်မီ၊ အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ မဖွဲ့စည်းမီ UWSA လက်မောင်းတံဆိပ်နဲ့ ယူနီဖောင်း အသုံးပြု ရိုက်ကူးထားတဲ့
လိင်အသားပေး ဗီဒီယို တခု အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့ဖူးပါတယ်။ အဲဒီဗီဒီယိုပါ အမျိုးသမီးဟာ တရုတ်အမျိုးသမီး ဖြစ်တယ်လို့ Wa News Land က ဖော်ပြထားပါတယ်။။
ဒီလို ဖြစ်စဉ်တွေ အပါအဝင် စည်းကမ်းဖောက်ဖျက်တဲ့ဗီဒီယိုတွေကို UWSA ရဲ့ အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ စစ်ဆေးရေးယူသွားမယ်လို့ ဆိုပါတယ်။
စည်းကမ်းဖောက်ဖျက်တဲ့ ဗီဒီယိုတွေလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဖယ်ရှားဖို့၊ ဖြုတ်ချဖို့ အမိန့်ပေးခဲ့သလို ပါဝင်ပတ်သက်သူများကိုလည်း ပြစ်မှုအခြေအနေအလိုက် သတိပေးခြင်း၊ ငွေဒဏ်ချမှတ်ခြင်း၊ ထိန်းသိမ်းခြင်း ရာဇဝတ်မှုဆိုင်ရာ တာဝန်ယူစေခြင်းတို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပြီး ထင်ရှားသော ဖြစ်စဉ်နှစ်ခုကို ဖော်ပြထားပါတယ်။ မူးယစ်ဆေးသုံးတာကို အွန်လိုင်းပေါ် တင်ခဲ့သူအချို့ကို ဖော်ပြပြီး အရေးယူထားတဲ့အခြေအနေကိုအသိပေးထားပါတယ်။
ဒါ့အပြင် ဥပဒေချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို တက်ကြွစွာ တိုင်ကြားကြဖို့နဲ့ သန့်ရှင်းစနစ်ကျပြီး စည်းကမ်းရှိသော အွန်လိုင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေဖို့ အတူတကွ ထိန်းသိမ်းကြဖို့ တိုက်တွန်းထားကာ တိုင်ကြားနိုင်တဲ့ နည်းလမ်းများ ဖော်ပြထားပါတယ်။





















































