နိုဝင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကိုင်း- ကချင် အစပ် အင်းတော်-မော်လူး-နန့်စီးအောင် စစ်မျက်နှာဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်၊ အပြုံလိုက်လက်နက်ချ အလံဖြူထောင် အညံ့ခံခဲ့တယ်ဆိုတဲ့ ရုပ်သံကို သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်မှာ ရေးသာဖော်ပြလာတာ တွေ့ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “ ဖမ်းဆီးရမိတာပါ” လို့ ပြောပါတယ်။

Public Service Announcement
ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ထပ်မံ သိရှိရဖို့ စစ်ရေးသတင်းရင်းမြစ်နဲ့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ထံ ဆက်လက်မေးမြန်းထားပါတယ်။
ဖော်ပြလာတဲ့ ရုပ်သံမှတ်တမ်းမှာတော့ စစ်သား ၁၅ဦးထက်မနည်းကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးရမိထားတာတွေ့ရပါတယ်။
ဒဏ်ရာရသူတွေကို ဆေးကုပေးမယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောဆိုသံကြားရသလို စစ်သားတွေထံက စစ်သုံးပစ္စည်းတွေ ကိုလည်း ရဲဘော်တွေက သိမ်းဆည်းနေတာ တွေ့ရပါတယ်။
ဖမ်းမိစစ်သားတွေကို လမ်းဘေးတနေရာ သစ်ပင်အရိပ်အောက်မှာ တန်းစီထိုင်ခိုင်းထားတာကို ရုပ်သံမှာတွေ့ရပြီး တော်လှန်ရေးရဲဘော်တွေက ကောင်းကောင်းမွန်မွန်ပြောဆိုနေတာကို တွေ့ရပါတယ်။
အဲဒီ စစ်မျက်နှာမှာ KIA တပ်ရင်း(၃၅)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၄ရက်ကနေ ၈ရက်နေ့အတွင်း အင်းတော်-မော်လူးကြားရှိ စစ်တပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့သလို ကချင်-စစ်ကိုင်းအစပ် နန့်စီးအောင် အခြေစိုက် စစ်တပ်ကို တိုက်ခိုက်ခဲ့တာလည်းရှိခဲ့ပါတယ်။ အဲဒီဒေသ တိုက်ပွဲမှာ စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တာလည်းရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကချင်-စစ်ကိုင်းအစပ်အပါအဝင် KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ လမ်းကြောင်းတွေ ထိန်းချုပ်နိုင်ဖို့ စစ်အင်အားဖြည့် ကြိုးစားနေတာဖြစ်ပေမဲ့ စစ်မျက်နှာတိုင်းမှာ စစ်တပ်ဘက်က အများအားဖြင့် ရှုံးနိမ့်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောထားပါတယ်။





















































