နိုဝင်ဘာ-၁၃၊၂၀၂၆။သတိုး/People’s Spring
လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ကကုလသမဂ္ဂ(UN)ရုံး ရှေ့မှာ စစ်ခေါင်းဆောင်နဲ့ဆက်ဆံနေတာက လူမျိုးတုံးသတ်ဖြတ်မှုကိုအားပေးတာဖြစ်ကြောင်း စာသားပါတဲ့ဘန်နာချိတ်ဆွဲတဲ့လှုပ်ရှားမှုကို Yangon 4Brothers အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။
“SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE” (မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည်) ” ဆိုတဲ့ စာသားနဲ့ ဘန်နာကို ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုက ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကိုအာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ တရားဝင်ဆက်ဆံတာ ၊ စီးပွားရေးအရ ပူးပေါင်းတာနဲ့ သံတမန်ရေးရာပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့ အသိပေးတိုက်တွန်းတာလို့ Yangon 4 Brothers ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
“စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာစေရုံသာမက စာသင်ကျောင်းများ၊ဆေးရုံများ၊စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဘာသာရေးပွဲတော်များအပေါ် လူမဆ-န်ရက်စက်စွာလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို မျက်ကွယ်ပြုလျစ်လျူရှုရာ ရောက်ပါသည်။
ထို့အပြင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုများတွင် တစ်နည်းတစ်ဖုံ ပါဝင်အားပေးအားမြှောက်ပြုရာ ရောက်ကြောင်းကို တော်လှန်မြန်မာပြည်သူများ၏ အသံအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းထံ အသိပေးလိုခြင်း ဖြစ်ပါသည်။”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအတွက်ကိုယ်စားပြုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့တရားဝင်ဆက်ဆံတာ၊သံတမန်ရေးရာကိစ္စရပ် တွေမှာ ပူးပေါင်းဆောင်ရွက်တာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချိတ်ဆက်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ Yangon 4 Brothers တောင်းဆိုထားပါတယ်။





















































