နိုဝင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညသန်းခေါင်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၁၂ရက်ည ၁၁နာရီ လောက်ကစပြီး တိုက်လေယာဉ် ၂စီးနဲ့ မင်းတပ်မြို့နယ် အနောက်ဘက်ခြမ်းက ရွာတရွာနဲ့ အနီးဝန်းကျင်ကို လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ည ၁၁နာရီကနေ ၁၁နာရီ ၂၀မိနစ်အတွင်း စစ်တပ်က ဗုံး ၈လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
” သေဆုံးရှိတယ်ကြားတယ်။ သေချာမေးနေတုန်းပါ”လို့ ဒေသခံ သတင်းရင်းမြစ်က လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလကုန်ပိုင်းကလည်း မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တွေ ပြန်ထိန်းချုပ်နိုင်ဖို့ အခုနှစ်မေလကတည်းက မြေပြင်စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တိုက်ပွဲ နှစ်ဝက်ကြာအတွင်း စစ်တပ်ထိုးစစ်ဟာ အောင်မြင်မှုမရှိဘဲ ချင်းတော်လှန်ရေးပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အထိနာနေတာကြောင့် စစ်အင်အားဖြည့်တင်းမှုတွေဆက်လက်ပြုလုပ်နေသလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ ရွာတွေကိုပါ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတာတွေလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်း ဒေသခံက ပြောပြထားပါတယ်။





















































