နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အပစ်ရပ်လက်မှတ်ထိုးထားသလို အာဏာသိမ်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ဒေသက ဖလံချောင်း၀ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံးရေအများအပြား ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၅ရက် ညသန်းခေါင်နဲ့ နိုဝင်ဘာ ၁၆ရက် မနက်အစောမှာ စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ရာ လူနေအိမ်များပျက်စီးပြီး ရွာသား ၁ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တာလို့ ကနဦးသတင်းထုတ်ပြန်ထားတာပါ။
မွန်တပ် RMA က အခုလပိုင်းအတွင်း စစ်တပ်ကိုတိုက်ခိုက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေဆက်တိုက် လုပ်ဆောင်နေတဲ့အခြေအနေမှာ စစ်တပ်က ပြန်တုံပြန်တဲ့အနေနဲ့ သူတို့နဲ့ တိုက်ပွဲမရှိတဲ့ NMSP ထိန်းချုပ်နယ်မြေကို လေကြောင်း ဗုံးကြဲလာတာလို့ မွန်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

Public Service Announcement
RMA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ဘက်က စစ်တပ်တပ်စွဲရာနေရာ သုံးခုကို တိုက်ခိုက်ခဲ့တာရှိသလို မုဒုံမြို့နယ် ကျွန်းရွာ၊ ရေးမြို့နယ်က စစ်တပ်တပ်စွဲရာ နေရာအချို့ကို တိုက်ခိုက်ခဲ့တာပါ။
“အခု က မင်းအောင်လှိုင်စစ်တပ်က ပြန်ပြီးတော့ တိုက်တာပေါ့။ သူတို့ကို ရှာလို့မတွေ့တော့ သူတို့ရဲ့ တပ်စခန်းရှိတဲ့နေရာရှာမတွေ့တော့ လူထုရှိတဲ့နေရာကို ပြန်ကြဲချတဲ့ပုံစံပေါ့။ RMA တိုက်တဲ့နေရာအများစုက ပြည်သူတွေ မနေတဲ့နေရာတွေ ပြည်သူတွေမထိခိုက်တဲ့နေရာတွေရှောင်ပြီး တိုက်နေရတဲ့အနေအထားပဲရှိတယ်။ အခု သူတို့(စစ်တပ်)ကြဲချတဲ့နေရာက ရေးမြို့နယ်ထဲက မွန်ပြည်သစ်(အပစ်ရပ်တပ်ဖွဲ့ NMSP)ရဲ့ထိန်းချုပ်နယ်မြေထဲမှာ။ အဲဒီလိုဖြစ်သွားတာ။ မွန်ရာမညတပ်တော်တိုက်တဲ့နေရာကျတော့ ကျိုက်မရောဘက်က ပြီးရင်မုဒုံဘက်က။ နေရာချင်းတော့မတူဘူး။ ဆိုလိုတာက မင်းအောင်လှိုင် စစ်တပ်ကတော့ မွန်ပြည်သစ်ရဲ့ ဗဟိုနဲ့အနီးစပ်ဆုံးကို ဗုံးသွားကြဲတာ” လို့ မွန်သတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်တပ်ဟာ ရာမညမွန်တပ်တော်ရဲ့ တပ်စခန်းနေရာတွေကို တိုက်ခိုက်ခြင်းမပြုနိုင်တဲ့ အခြေအနေမှာ အပစ်ရပ်အဖွဲ့ ရဲ့ နယ်မြေအတွင်း အရပ်သား ပြည်သူကို ပစ်မှတ်ထားလာတာလို့ ပြောပြပါတယ်။
RMA ဆိုတာ NMSP ကခွဲထွက်ပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ NMSP(AD)-မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုပ်ဖျက်ရေး) အဖွဲ့က အခြား မွန်တပ်တွေနဲ့ပေါင်းစည်းပြီး စုဖွဲ့ထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်အတွင်းမှာပဲ NMSP ထိန်းချုပ်နယ်မြေ အချို့ကို ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါသေးတယ်။ဇွန်လအတွင်းက NMSP ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။






















































