နိုဝင်ဘာ-၁၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က နှစ်ကြိမ်တိုင် ဗုံးကြဲခခဲ့တဲ့ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းမှဒဏ်ရာရသူတွေဟာဆေးကုသစရိတ်လိုအပ်နေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက်ခက်ခဲနေကြောင့် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလ ၄ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့တို့က ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၈ ဦး သေဆုံးပြီး၂၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
“အခုလောလောဆယ်မှာလိုအပ်ချက်တွေကတော့ ထိခိုက်ဒဏ်ရာရခဲ့တဲ့လူတွေအတွက် ဆေးကုစရိတ်တွေကတော့ အဓိကလိုအပ်ချက်တွေဖြစ်နေပါတယ်။ ကျန်ခဲ့တဲ့မိသားစုတွေအတွက်ဆိုရင်လည်းတချို့မှာက အိမ်ထောင် ဦးစီးတွေပါသွားတယ်။ အလုပ်လုပ်နေတဲ့သူ တွေ ပါသွားတယ်ဆိုတော့ စားဝတ်နေရေး ကြပ်တည်းသွားမယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်အစည်းအရုံးဥက္ကဌ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားသူတွေထဲဒဏ်ရာပြင်းထန်သူတွေရှိနေပြီး ဆေးကုစရိတ်၊ လူနာစောင့် တွေ ဆေးရုံသွားဖို့ စရိတ် စတဲ့ငွေကြေးလိုအပ်ချက်တွေရှိပါတယ်။ဒါ့အပြင် သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေမှာလည်း စားဝတ်နေရေးလိုအပ်ချက်တွေ ရှိနေပါတယ်။
“ပထမတခေါက် ဗုံးကြဲတုန်းကလူတွေတောင် ဒဏ်ရာတွေ အကုန်မကောင်းကြသေးဘူး။ အခုလည်း ဆေးရုံမှာ ဆေးဝယ်ဖို့ပိုက်ဆံမရှိ၊ လူနာစောင့်တွေစားဖို့မရှိတာတွေ အများကြီး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ စစ်တွေမြို့နယ်မှ စစ် ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာဗျာလစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာနီးစပ်ရာ ဆွေမျိုးနေအိမ်တွေ၊ တောတောင်တွေထဲ ခိုလှုံနေကြရပြီး စစ်တပ်ကဗုံးထပ်ကြဲတာကြောင့် စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေပျက်စီးသွားခဲ့ပြီးပိုအခက်တွေ့နေကြတာပါ။
“အခုကသူတို့မှာအိမ်တွေပါသွားတယ်။ အားလုံးက ပျက်စီးကြတာချည်းပါပဲ၊ အိမ်တဆောင်လုံးပါသွားတာရှိတယ်။ အနည်းအကျဉ်းပါသွားတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် သူတို့တွေအတွက် ဆေးကုသစရိတ်နဲ့ စားဝတ်နေရေး အတွက် အထောက်အပံ့တွေ ပေးနိုင်ရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်”လို့ ကိုကျော်ဝင်းထွန်းကပြောပါတယ်။
ဗျာလစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ဆေးကုသစရိတ်အတွက် ပုဏ္ဏားကျွန်းလူငယ် အစည်းအရုံးအပါအဝင် ဒေသတွင်းအရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေက အလှူခံနေပြီး ဆက်သွယ်လှူဒါန်းနိုင်တယ် လို့လည်း ဆိုကြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းကတပ်ရင်း၊တပ်စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ အာဏာသိမ်း စစ်တပ်ဟာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအပါအဝင် အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်၊ကျောင်းတွေ ကို မချန် လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။
“အခုလိုမျိုး အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်တာကတော့ လူမဆန်တဲ့လုပ်ရပ်တွေလို့ ပြောရမယ်။ နောက်ထပ်လည်း ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာကို နိုင်ငံတကာကနေပြီးတော့ အရေးယူ ဆောင်ရွက်ပေးရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ တောင်းဆိုချင်ပါတယ်” လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး ဥက္ကဌ က ပြောပါတယ်။
စစ်တပ်ဟာ ဗျာလစစ်ရှောင်စခန်းကို ဗုံးမကြဲခင်တရက်အလို နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာလည်း မြောက်ဦးမြို့ ကြက်စျေးရပ်ကွက် မူလတန်းလွန်စာသင် ကျောင်းကို ဗုံးကြဲခဲ့သေးပြီးတက္ကသိုလ်ကျောင်းသူ၊ ကျောင်သား ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အလားတူနိုဝင်ဘာ ၅ ရက်နေ့ညကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင်နိုဝင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံ၊ ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကိုလက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးအရှိန်မြှင်ွခဲ့တဲ့စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့်ရခိုင်ဒေသခံပြည်သူ အနည်းဆုံး ၁၃၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၄၆ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကဆက်လက်သိမ်ပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။






















































