Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ပေါ်တာဆွဲတဲ့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေ ရိုက်နှက်ခံရ

နေပြည်တော်မှာ စစ်မှုထမ်းပေါ်တာဆွဲတဲ့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေ ရိုက်နှက်ခံရတယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ချို့က လူထုနွေဦးကို ပြောပါတယ်။

(နေပြည်တော်အချုပ်ထောင်အနီး ကင်းလှည့်နေတဲ့ စစ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

နို၀င်ဘာ-၁၆၊၂၀၂၆။မိုမို/People’s Spring

နေပြည်တော်မှာ စစ်မှုထမ်းပေါ်တာဆွဲတဲ့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေ ရိုက်နှက်ခံရတယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ချို့က လူထုနွေဦးကို ပြောပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ချိုင်း၊ ထန်းတပင်နဲ့ အောင်သုခကျေးရွာတွေမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေဖြစ်တဲ့ ဇော်ဝမ်း၊သန်းနိုင်ဦးနဲ့ ပြည်သူ့စစ်တွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးချိန်မှာ ဝိုင်း၀န်းရိုက်နှက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ဖြစ်စဉ်က သိပ်မကြာသေးဘူး။စစ်တပ်ဘက်က ဖုံးထားတာပေါ့။ပြည်သူ့စစ်နှစ်ယောက် ခေါင်းကွဲတယ်။ဇော်၀မ်းလဲ ထိတယ်။ကြာပင်အုပ်ကြီးသန်းနိုင်ဦးက ထွက်ပြေးလို့ လွတ်တယ်”လို့ နေပြည်တော် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရတဲ့ လူငယ်ဟာ ပါသွားခြင်းမရှိဘဲ ခုခံသူ‌တချို့ကို စစ်တပ်က ဒက္ခိဏသီရိမြို့တရားရုံးမှာ တရားစွဲဆိုထားတယ်လို့လည်း ၎င်းက ပြောပါတယ်။

“နေပြည်တော်ထဲမှာ အလားတူဖြစ်စဥ်တွေအများကြီး ရှိတယ်။အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေကို တုတ်၊ဓား နဲ့ခုတ်ပြီး လွတ်မြောက်နယ်မြေဘက် ထွက်ပြေးလာတာ တွေရှိတယ်။အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း နေပြည်တော်အနီး ရေတာရှည်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲခံရသူတစ်ဦးက စစ်တပ်လက်အောက်ခံ ရဲ ၁ဦးကို ခုခံပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ စစ်မှုထမ်း(ပစ) အများအပြားကို အသုံးချကာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာ သေဆုံးသူအများစုက စစ်မှုထမ်းတွေ ဖြစ်နေတယ်လို့ နစ်နာသူ မိသားစု၀င်တွေက ပြောဆိုထားပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ်(၃၀)အထိ ရောက်နေပြီဖြစ်ပါတယ်။

ရန်ကုန်၊နေပြည်တော် နဲ့ မြို့ကြီးတွေ အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အတင်းအဓမ္မ ဖမ်းဆီးခံရမှုတွေ ပိုမိုဆိုးရွားလာနေပြီး လူငယ်တွေအနေနဲ့ သတိထားရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ