အကြမ်းဖက်မြန်မာစစ်တပ်ဟာ သူကိုယ်တိုင် ဦးစီးဦး ဆောင်ပြုရေးဆွဲခဲ့တဲ့ ၂၀၀၈အခြေခံဥပဒေကို ကျော်လွန်ပြီး အဆင်ခြင်မဲ့ အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၈ လကျော်ခဲ့ပါပြီ။ ဒီ ၈လကျော်အတွင်းမှာ မြန်မာပြည်သူ လူထုဟာ ဒုက္ခပေါင်းစုံကို ဘယ်ခေတ်၊ ဘယ်ကာလနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ခက်ခက်ခဲခဲဖြတ်သန်းနေခဲ့ရပါတယ်။
ပြည်သူလူထုရဲ့ထောက်ခံမှုမရရှိရင် အစိုးရတစ်ရပ်ဟာ အချိန်ကြာကြာ ရပ်တည်လို့မရပါဘူး။ ဒီကြားထဲကမှ လက်နက်အားကိုးနဲ့ မတရားသဖြင့် အုပ်ချုပ်ဖို့ကြိုးစားလာရင်လည်း တိုင်းပြည်ဟာ တည်ငြိမ်မှုမရှိဘဲ အဖက်ဖက်က ယိုယွင်းလာပြီး ကျဆုံးတိုင်းပြည်ဖြစ်လာမှာပါ။
အခုဆိုရင်ပဲ မြန်မာပြည်ဟာ ကျဆုံးတိုင်းပြည်ဖြစ်နေပြီး တိုင်းပြည်အာဏာကို အကြမ်းဖက်လုယူထားသူတွေက ဒီအတိုင်းပဲ ရှေ့ဆက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ဘုံးဘုံးလဲတိုင်းပြည် မလွှဲမသွေဖြစ်လာမှာပါ။
ပြည်သူအများစုရဲ့ ထောက်ခံမှုနဲ့ NLD အစိုးရနှစ်ကြိမ်ဆက်ဖြစ်ခါနီးဆဲဆဲမှာ စစ်တပ်ဟာ အစိုးရ ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ၊လွှတ်တော်အမတ်တွေ၊ စာရေးဆရာတွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက်တာဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေရော၊ အခြားသော ပြည်သူတွေကိုပါ စော်ကားဆန့်ကျင်လိုက်တာဖြစ်ပါတယ်။

Public Service Announcement
မြန်မာပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရ၊ သူ့ပါတီဝင်တွေကို အပြည့်အ၀ ထောက်ခံချင်မှ ထောက်ခံမယ်၊ ဝေဖန် ဆဲရေးကောင်း ဆဲရေးမယ်။
ဒါပေမဲ့ မြန်မာပြည်သူလူထုဟာ လွတ်လပ်မှုကို လိုလားတယ်။ ဒီမိုကရေစီကို လိုလားတယ်။ နောက်ပြီးဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်ကြတယ်။ ဒါတွေဟာ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါကြောင့်လည်း စစ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူ လူထုရဲ့ တုံ့ပြန်မှုက သိသိသာသာကြီးမားပြင်းထန်ခဲ့တယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဟာ ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ဘဲ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ နဲ့ ၁၉၈၈နှစ်ကြိမ်ကြုံခဲ့ရပြီးပါပြီ။ အဲဒီသုံးကြိမ်မှာ အာဏာသိမ်းမှုအပေါ် ပြည်သူတွေကဒီတစ်ကြိမ်လောက် ရှည်ကြာပြီး ပြင်းပြင်းထန်ထန် တော်လှန်တာမျိုး မရှိခဲ့ပါဘူး။
ကုလသမဂ္ဂ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် အာဆီယံနိုင်ငံတွေက ငြိမ်းချမ်းစွာတွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းကို တွန်းတင်နေကြပေမယ့် လူထုပါဝင်ထောက်ခံတဲ့ တော်လှန်ရေးကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပါတယ်။
လူထုရဲ့ဦးတည်ချက်က ရှင်းပါတယ်။ မြန်မာ့နိုင်ငံရေးမှာ မြစ်ပွားနာလို ဖြစ်နေတဲ့ စစ်တပ်ကို ဖယ်ထုတ်ဖြတ်တောက်ပစ်လိုက်ချင်တာပါ။ အဲဒီလို ဖယ်ထုတ်ရှင်းပစ်လိုက်ပါမှလည်း လူထု လိုချင်တဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မှာပါ။
ဒီနေရာမှာ မြန်မာပြည်သူလူထုက စစ်တပ်ကို နိုင်ငံမှာ မရှိရဘူး။ မထားရဘူး လို့ မလိုချင်တာမျိုး မဟုတ်ပါဘူး။ စစ်တပ်ကို သူရဲ့ပင်မတာဝန်ဖြစ်တဲ့တိုင်းပြည်ကာကွယ်ရေးမှာပဲတာဝန်ကျေအောင်အာရုံစိုက်ပြီး နိုင်ငံရေးကိုလုံးဝမပါဝင်တဲ့ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်စေချင်တာပါ။
လက်ရှိ မြန်မာစစ်တပ်ဖြစ်နေတာက ရှိသင့်တဲ့နေရာမှာ မရှိဘဲ မရှိသင့်တဲ့နေရာတိုင်းမှာ ဝင်ရောက်စိုးမိုးအတင်း အဓမ္မနေရာယူနေတာပါ။ နောက်ပြီး သမိုင်းသင်ခန်းစာတွေအရဖြစ်စေ၊ စစ်တပ်ရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံစံကြောင့်ဖြစ်စေ စစ်တပ်ဟာ ဒီမိုကရေစီကို နားမလည်၊ သဘောမပေါက်ပါဘူး။ ကိုယ်တိုင်နားမလည်သူတွေက ဒီမိုကရေစီနိုင်ငံတည်ထောင်မယ်လို့ ပြောတာကလည်း သဘာ၀ ကျတဲ့ကိစ္စမဟုတ်ပါဘူး။
စစ်တပ်ရဲ့ ‘ပြောတော့တမျိုး၊ လုပ်တော့တခြား’ တွေကို လူထုက သိပြီးဖြစ်ပြီးဖြစ်လို့ ဒီနေရာမှာ ‘ဇာ’မချဲ့လိုတော့ပါဘူး။
ဆိုတော့ အခုမြန်မာ့နွေဦးတော်လှန်ရေးက နေရာမှန် ရှိမနေတဲ့ စစ်တပ်ကို အပြီးအပိုင် နေရာမှန် ကို ပြန်ပို့ဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်ပန်းတိုင်မရောက်မချင်း လူထုက နောက်ဆုတ် လက်လျှော့မှာမဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာပြီးချိန် စလို့ နိုင်ငံတစ်ဝန်း ခုခံတိုက်ပွဲတွေ တရှိန်ထိုးတက်လာတာက သက်သေပါပဲ။
နိုင်ငံ့ဘဏ္ဍာနဲ့ နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ်ဝယ်ယူထားတဲ့ စစ်လက်နက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မယှဉ်နိုင်ပေမယ့်လည်း လက်ရုံးရည်၊ နှလုံးရည်ပိုင်းမှာတော့ အပြတ်အသတ် သာလွန်နေပါတယ်။ စိတ်ဓာတ်၊ ယုံကြည်မှုအပြည့်နဲ့ လမ်းမှန်လျှောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ လက်ထဲကို ထိုက်သင့်တဲ့ လက်နက်တွေ တပ်ဆင်ပြီးတာနဲ့ တော်လှန်ရေးက ပိုမိုခရီးတွင်လာမှာအသေအချာဖြစ်ပါတယ်။ဒါအပြင်ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ KNU ၊ KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူရပ်တည်ပြီး ၊PDF တွေကို ကူညီပေးတာ၊ အကြမ်းဖက် ဖက်တစ်တပ်ကိုဆက်လက်တော်လှန် တိုက်ခိုက်နေတာကြောင့် အာဏာရှင်မင်းအောင်လှိုင်အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ဖက်ဆစ်တပ်အတွက် သမိုင်းတစ်လျှောက် အကြီးမားဆုံးအကြပ်အတည်းကို ကြုံနေပြီဖြစ်ပါတယ်။
သေချာတာက တိုင်းပြည်ကို အရင်ခေတ်တွေကအတိုင်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ပြီးအကြောက် တရားနဲ့ အုပ်ချုပ်လို့ရမယ်လို့ ထင်တလုံးနဲ့ အာဏာသိမ်းခဲ့တဲ့ ဦးနှောက်မဲ့ မင်းအောင်လှိုင်တို့ တသိုက်ဟာ ဘယ်တော့မှအုပ်ချုပ်လို့မရနိုင်ပါဘူး။ အခုထက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို မင်းအောင်လှိုင်အပါအဝင် သူ့ရဲ့တပ်ဖွဲ့ဝင်တွေ ပိုမိုကြုံတွေ့လာရတော့မှာပါ။
တစ်ဖက်မှာလည်း မင်းအောင်လှိုင်တို့တသိုက် အာဏာရူးလေလေ၊ တိုင်းပြည်ဟာ ပိုမိုအကြပ်အတည်း တွေ့လေလေဖြစ်မှာပါ။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာလည်း အရှုံးကြီး ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နေဝင်ချိန်နီးလာလေလေ သွေးရူးသွေးတန်းနဲ့အမှားတွေ ပိုလုပ်လာလေဖြစ်တာကြောင့် သူတို့နဲ့ထိုက်တန်တဲ့ တရားစီရင်မှုတွေကမဝေးတော့ပါဘူး။ ဒါကြောင့် အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘဝနောင်ရေးကောင်းဖို့ ၊သမိုင်းလှဖို့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနဲ့အတူ အမြန်ပူးပေါင်းဖို့လိုနေပါပြီ။ ပြည်သူနဲ့မပူးပေါင်းရင် အကြမ်းဖက်ခေါင်းဆောင်တွေနဲ့အတူ ပြည်သူလူထုနဲ့ ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့တရားစီရင်မှုကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
NUGက ပြည်သူတွေရဲ့ ခုခံတော်လှန်မှု စကြေညာပြီး တစ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ထောင်ကျော်သေဆုံးပြီး ၊ထောင်နဲ့ချီ ဒဏ်ရာရအောင် ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံစစ်ကအချိန်ကြာလာလေ ပိုပြင်းထန်လာလေဖြစ်တော့မှာပါ။ဘာကြောင့်လဲ ဆိုရင် အချိန်ကြာလာတာနဲ့အမျှ တိုက်ပွဲအတွေ့အကြုံတွေပိုများလာ ၊လက်နက်၊ ခဲယမ်းတွေပိုရ လာတာကြောင့် တော်လှန်ရေးအရှိန်ဟာ ဆူနာမီလှိုင်းတွေလို တရိပ်ရိပ်နဲ့ တိုးလာတော့မှာဖြစ်မှာတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ခွန်အားတွေကြောင့် နွေဦးတော်လှန်ရေးဟာ အရှိန်လျော့ကျဖို့မရှိဘဲ ပိုမိုအားကောင်းပြင်းထန်လာဖို့သာ ရှိနေပါတယ်။
