သုည/ People’s Spring
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြိုင်ပွဲအားလုံးတွင် အုပ်စုအဆင့်မှာပင် ရှုံး၍ ထွက်ရပြီး ရှုံးပွဲစံချိန်တင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက စက်တင်ဘာလတွင် နည်းပြအပြောင်းအလဲလုပ်လိုက်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ၂၄ ပွဲအထိ ရှုံးပွဲစံချိန်တင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နှင့် စစ်ကောင်စီအတွက် မျက်နှာရအောင်မစွမ်းသည့်အတွက် ဂျာမနီနိုင်ငံသားနည်းပြများဖြစ်သည့်အန်တွမ်နီဟေး နှင့် မိုက်ကယ်တို့ နှစ် ဦး စလုံးနည်းပြရာထူးမှ ပြုတ်သွားသည်။
ထိုနောက် စက်တင်ဘာလတွင် ငွေခေတ်လက်ရွေးစင်ကစားသမားဟောင်း ပြည်သူ့အချစ်တော်နာမည်ကြီးတိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းကို နည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းပင်။
အသက် ၅၁ နှစ်အရွယ် ဦးမျိုးလှိုင်ဝင်းသည် လက်ရွေးစင်ဘောလုံးအသင်းအတွက် ၆၉ ပွဲကစားခဲ့ပြီး ၃၆ ဂိုးသွင်းယူပေးခဲ့သည်။ အသက်ကန့်သတ်ချက်မရှိသေးဘဲ လက်ရွေးစင် ဘောလုံးအသင်းများသာယှဥ်ပြိုင်ခဲ့စဥ် ၁၉၉၃ ဆီးဂိမ်းပြိုင်ပွဲတွင် သန်းတိုးအောင် ၊ဝင်းအောင် ၊တင်မြင့်အောင်၊အောင်ကျော်ကျော် စသော စတားပလေယာများနှင့်အတူ တိုက်စစ်မှူးမျိုးလှိုင်ဝင်းမှာ ငွေတဆိပ်ဆုရအသင်း တွင်တောက်ပခဲ့သူဖြစ်သည်။
တစ်ဦးချင်းအောင်မြင်မှုတွင် ၁၉၉၈ တိုက်ဂါးဖလားပြိုင်ပွဲ၌ သွင်းဂိုး ၄ ဂိုးဖြင့် ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးဆု ရွှေဖိနပ်ဆုရ သည်အထိ ခြေစွမ်းထက်ခဲ့သည်။
လက်ရွေးစင်အသင်းမှ၂၀၀၅ ခုနှစ်တွင်အနားယူခဲ့သည်။ ထို့နောက် နည်းပြအဖြစ် နေပြည်တော်FC ၊ ဧရာဝတီ ယူနိုက်တက် ၊ ရှမ်းယူနိုက်တက် အသင်းတို့ကို ကိုင်တွယ်ခဲ့သည်။
ထိုကြောင့် ကစားသမားဘ၀တွင် ဆုတံဆိပ်အောင်မြင်မှု နှင့် ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိခဲ့သော်လည်း စစ်တပ်လက်အောက်မှ လက်ရွေးစင်နည်းပြဘ၀တွင်မူ မည်သို့စွမ်းဆောင်နိုင်မည်လဲ ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း အားကစားလေ့လာသူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက တာဝန်ယူခဲ့သည်။ ၂၁ ပွဲကိုင်တွယ်ရာ ၁၆ ပွဲတိုင် ရှုံးနိမ့်ပြီး ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်သာ ရခဲ့ပြီး အလုပ်ပြုတ်ခဲ့သည်။
အန်တွမ်နီဟေး လက်ထက်တွင် ဂျပန်ကို (၁၀-၀) ဂိုး၊ ကာဂျစ္စတန်ကို (၈-၁) ဂိုးတို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။
အန်တွမ်နီဟေး နှင့် လမ်းခွဲပြီးနောက် ၂၀၂၃ မတ်လတွင် ဂျာမနီနည်းပြ မိုက်ကယ် ပြောင်းလဲတာဝန်ယူခဲ့သော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)မှာ ရမှတ် တစ်မှတ်သာ ရရှိကာ အုပ်စု ဘိတ်ဖြင့် ပြုတ်ခဲ့ပြန်သည်။ ရလဒ်များဆိုးဝါးသည့်အတွက် လက်ရွေးစင်အသင်း နှင့် မိုက်ကယ်တို့ ၂၀၂၄ ဩဂုတ်လတွင် လမ်းခွဲခဲ့သည်။
ထိုနောက် လစ်လပ်နေသည့်နည်းပြရာထူးအတွက် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။သို့သော် ဦးမျိုးလှိုင်ဝင်းလက်ထက်တွင်လည်း မြန်မာဘောလုံးအသင်းအနေဖြင့် အောင်မြင်လာနိုင်ဖွယ် မရှိကြောင်း မြန်မာ့ဘောလုံးလေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။
“အခု ဦးမျိုးလှိုင်ဝင်းလက်ထက်မှာလည်း မြန်မာ့ဘောလုံးက အောင်မြင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဦးမျိုးလှိုင်ဝင်းကို ကစားသမားဘ၀မှာ အားပေးခဲ့ပေမယ့် လက်ရွေးစင်နည်းပြဘ၀မှာတော့ ဖြစ်မြောက်မယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့ဘောလုံး အောင်မြင်နိုင်မယ့်လမ်းကြောင်းတွေကို ဘောလုံးအဖွဲ့ချုပ်ကလည်း မဖန်တီးပေးနိုင်သလို ကစားသမားတွေကလည်း စိတ်ဓာတ်ခံယူချက်တွေ ကောင်းဖို့ မပြင်ဆင်ထားဘူး။ မြန်မာအသင်းကို ဦးမျိုးလှိုင်ဝင်း မကလို့ ဂွာဒီယိုလာ လာကိုင်လည်း ဘာမှဖြစ်လာမှာ မဟုတ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ အသင်း အောင်မြင်ဖို့ကို မမျှော်လင့်ပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု မြန်မာ့ဘောလုံးအကြောင်းလေ့လာသူတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
ယခင်ခေတ်များက မြန်မာလက်ရွေးစင်ဘောလုံးအသင်းများကို ပြည်သူများ သည်းသည်းလှုပ်အားပေးခဲ့ကြသည်။ သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်တွင် စစ်တပ်က အာဏာလုယူပြီး နောက်ပိုင်း စစ်ကောင်စီ အား ကိုယ်စားပြု၍ယှဉ်ပြိုင်နေသည့် လက်ရွေးစင်အသင်းများကို ဘောလုံးချစ်ပရိတ်သတ်အများစုက အားမပေးကြတော့ပေ ။ အားမပေးကြသည့်အပြင် စစ်ကောင်စီ ကိုယ်စားပြု ယှဥ်ပြိုင်နေခြင်းဖြစ်၍ အသင်းရှုံးလျှင် မြန်မာပြည်သူအများစုကပျော်နေကြတော့သည်။
“အရင်က မြန်မာပွဲတွေကို အရူးအမူးအားပေးပေမယ့် အခုက စကစ အလိုကျ သွားပြိုင်နေတော့ ဘယ်သူမှ အားမပေးချင်ကြတော့ဘူး။ မြန်မာရှုံးရင် ငိုတဲ့သူတွေက အခုရှုံးရင်တောင် ပျော်နေကြပြီ။ စစ်တပ်အုပ်ချုပ်နေတဲ့တိုင်းပြည်မှာ အစစအရာရာ ဒုက္ခတွေနဲ့ ပြည့်နေတော့ ဘောလုံးပွဲတွေကို အရင်လို ပြန်ကြည့်ဖို့ မလွယ်လောက်ဘူး။ စကစ နဲ့ ဘောလုံးအဖွဲ့ချုပ်ကတော့ ပရိသတ်ပြန်လာအောင် ကြိုးစားပေမယ့်လည်း အကုန်ကြပ်တည်းနေတော့ အလုပ်မဖြစ်ပါဘူး။ စကစ မရှိမှဘဲ မြန်မာပွဲတွေ ပြန်အားပေးဖြစ်တော့မယ် ထင်ပါတယ်” ဟု မြန်မာပရိသတ်တစ်ဦးက ဆိုပါသည်။
ပြည်သူအများစုက အားမပေးကြတော့ခြင်းမှာလည်း အသင်းအပေါ် သက်ရောက်ပုံပေါ်သည်။
ပြိုင်ပွဲများတွင် ရှုံးပြီးရင်း ဆက်ရှုံးကာ အသင်း၏ ယှဥ်ပြိုင်လိုစိတ်ဝိဥာဥ်မှာအသင်းတွင်ပျောက်ဆုံးနေသည်ကိုတွေ့ရသည်။
အာဏာလုစစ်တပ်အောက်တွင် လက်ရွေးစင်အသင်းများမှ နေစဥ် ဖိနှိပ် အကြမ်းဖက်ခံနေရသော မြန်မာပြည်သူအများစုမျှော်လင့်ခဲသည်မှာ သွင်းဂိုးများ ၊ပြည်ပမှ ပြန်လာပြီး ရှိုးအပြည့်ဝတ်ဆင်ထားသော ခေတ်ပေါ် အသုံးအဆောင်များ မဟုတ်ပါ။ ပြည်သူများအပေါ် စာနာသော အပြုအမူများသာဖြစ်ပါသည်။
လူဆိုးများကသေနတ်ဖြင့်ချိန်၍ အုပ်ချုပ်နေသော ခေတ်ဆိုး ခေတ်ပျက်မှာပင် ရှားရှာပါးပါးပြည်သူကိုစာနာကြောင်း ၊ပြည်သူနှင့်အတူရပ်တည်ကြောင်းပြသခဲ့သော အားကစားသမားအချို့လည်း ရှိခဲ့ပါသည်။
၂၀၂၁ မေလ ၂၈ ရက်တွင် လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင်က ဂျပန်နှင့် ယှဥ်ပြိုင်သော ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် နိုင်ငံတော်သီချင်းသီဆိုစဥ် လက်သုံးချောင်းထောင် ၍ ပြည်သူများနှင့်ရပ်တည်ကာစစ်တပ်ကိုဆန့်ကျင်ကြောင်းပြသခဲ့သည်။ စစ်တပ်လက်အောက်တွင်မကစားလိုတော့သဖြင့် အခြားနည်းလမ်းသုံးသွားသူအချို့လည်းရှိခဲ့သည်။
ထိုင်းနိုင်ငံသားဖြစ်သော်လည်း မွန်တိုင်းရင်းသားဖြစ်သည့်အသက် ၂၃နှစ်အောက် ထိုင်းလက်ရွေးစင်ကစားသမား Eric Pongsakorn သည်ပင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားသောမွန်ပြည်နယ်၊ ဓမ္မသကျေးရွာကမီးဘေးသင့်ပြည်သူများကိုလှူဒါန်းရန် အာရှအသက်၁၇ နှစ်အောက်ပြိုင်ပွဲ၌ဝတ်ခဲ့သော ဂျာစီကိုလေးလံတင်ရောင်းချလှူဒါန်းခဲ့သည်။
အိုလံပစ် ရေကူးလက်ရွေးစဥ်ကစားသမား ဝင်းထက်ဦးကလည်း စစ်တပ်ကိုယ်စားပြုမယှဥ်ပြိုင်တော့ဘဲ စစ်တပ်ကိုဆန့်ကျင်ခဲ့သလို ၊ပိုက်ကျော်ခြင်းလက်ရွေးစင် ကစားသမား ဇော်လတ် မှာလည်း CDM ပြုလုပ်၍ ပြည်သူနှင့်အတူရပ်တည်ခဲ့ကြသည်။
ထိုကဲ့သို့ စာနာမှု ၊ရဲရင်မှုများကသာ မြန်မာပြည်သူများ၏ ညှိုးနွမ်းနေသောစိတ်နှလုံးကို အနည်းငယ်ဖြေသိမ့်ပေးရာရောက်ပါသည်။
ထိုသို့ဆို၍ အားကစား နှင့် နိုင်ငံရေး မဆိုင်ဟု အချို့က ပြောနိုင်ပါသည်။ပြည်သူများ၏ နေ့တဓူဝအရေးမှာ နိုင်ငံရေးဖြစ်သည်။အင်တာနက်ကို လွတ်လပ်စွာသုံးနိုင်ခဲ့သောအခြေအနေမှ ဖေစ်ဘွခ်သုံးလျင် ၊VPN သုံးလျင်ထောင်ကျနိုင်ခြင်း ၊ ဆန်-ဆီ-ဆေးဝါးတို့ကို လွတ်လပ်စွာဝယ်ယူနိုင်ခဲ့ရာမှ တန်းစီပြီး ခွဲတမ်းဖြင့် ဝယ်ရခြင်း ၊ အချိန်မရွေးဖမ်းဆီး၍ စစ်တပ်ထဲသွင်းရှေ့တန်းသို့ လွတ်ခံရနိုင်ခြင်၊သတ်ဖြတ်ခံရနိုင်ခြင်း၊လက်ထဲကငွေများကနေရင်းထိုင်ရင်းအငွေ့ပျံကာဆင်းရဲကုန်ခြင်း စသဖြင့်.ယနေ့ မြန်မာပြည်သူများကြုံနေရသော အခြေအနေအရပ်ရပ်မှာ နိုင်ငံရေးမဟုတ်လျင် မည်သည့်အရေးဖြစ်ပါမည်နည်း။
ဘောလုံးသည်လည်းနိုင်ငံရေးဖြစ်၍ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲသော ရုရှားကို FIFA နှင့် UEFA တို့က ပြိုင်ပွဲများယှဥ်ပြိုင်ခွင့် ပိတ်ပင်ခြင်းဖြစ်သည်။၂၀၂၂ ကမ္ဘာဖလားတွင် ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးက ယူကရိန်းအလံလက်ပါတ်ဝတ် အားပေးခဲ့ခြင်း ဖြစ်ပါသည်။အမှန်တွင် ဘောလုံးအားကစားသည် အားကစားအရေး ဆိုတာထက်ပိုပါသည်။
အားကစားပြိုင်ပွဲများ ၊ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲများကျင်းပခြင်းကို ဓါတ်ကျနေသော စစ်အုပ်စုအတွက်မူ မြန်မာအသင်းရှုံးပွဲဆက်နေမှုက မခံချိမခံသာအခြေအနေဖြစ်ဖွယ်ရှိနေသည်။ ဆုတံဆိပ် တခုခုရလျင် အောင်ပွဲခံရင်း ပြည်သူအားပေးမှု ပြန်ရမလားဟု စစ်ကောင်စီ မျှော်လင့်ချက် ကို ဘောလုံးသမားများက မဖြည့်ဆည်းပေးနိုင်၍ ဖြစ်၏။
နည်းပြသစ် ဦးမျိုးလှိုင်ဝင်း လက်ထက် မြန်မာဘောလုံးအသင်းသည် ဗွေဆော်ဦးအဖြစ် အောက်တိုဘာ ၁၀ ရက်၊ ၁၃ ရက်တို့တွင် သီရိလင်္ကာအသင်း၊ နိုဝင်ဘာလအတွင်း စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ခြေစမ်းမည် ဖြစ်သည်။
စံချိန်တင်ရှုံးပွဲများဖြင့် ပရိသတ်အားပေးမှုနည်းလှသည့် မြန်မာအသင်းကို ဦးမျိုးလှိုင်ဝင်းက အပြောင်းအလဲလုပ်နိုင်မည်လား၊ အန်တွမ်နီဟေး နှင့် မိုက်ကယ်တို့လမ်း လိုက်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ သို့သော် ပထမဆုံးဘောလုံးပွဲ မကန်ခင်ကတည်းက ဦးမျိုးလှိုင်းဝင် ဆုံးရှူံးသွားသော အရာကို ၎င်းကိုယ်တိုင် သိမည်ပင်မထင်ပါ။
ထိုအရာမှာ စစ်အုပ်စုက နေစဥ် ပြည်သူများကိို သတ်ဖြတ် ၊ဖမ်းဆီး ၊နေအိမ်များမီးရှို့ဖျက်ဆီး ၊စာသင်ကျောင်းများမှ ကလေးငယ်များကိုပါဗုံးကြဲ သတ်ဖြတ်နေသော စစ်ကောင်စီ၏ လက်ရွေးစဥ်နည်းပြ အဖြစ်ခံယူလိုက်သောကြောင့် ရရှိလိုက်သောမှတ်တမ်းဆိုးပင်ဖြစ်၏ ။ ဦးမျိုးလှိုင်ဝင်းကိုယ်တိုင်ရွေးချယ်ခဲ့သောထိုမှတ်တမ်းက ပြည်သူ့အချစ်တော် ဘောလုံးသမားဆိုသော ဂုဏ်သတင်းကောင်းကို ညစ်နွမ်းစေခဲ့ပြီဖြစ်လေသည်။ ။