-ဒီပ/People’s Spring
ပြည်မြို့ကနေ မန္တလေးမြို့ဆီကိုဒီဇင်ဘာ ၁ ရက်နေ့ညနေပိုင်းမှာ ထွက်ခွာလာတဲ့ခရီးသည်တင်ကားပေါ်က အသက် ၂၀ ကျော်အရွယ် လူငယ် ၄ ယောက်ဟာ မန္တလေးမြို့မရောက်ပဲ အောင်လံမြို့ကိုခလရ (၇၁)ထဲရောက်သွားပါတယ်။ ခရီးသည်တင်ကား က အောင်လံအဝင်ဆီဆိုင် တစ်ဆိုင်မှာ ဆီဖြည့်နေတုန်းစစ်သားတွေက ကားပေါ်တက်လာပြီး လူငယ် ၄ ယောက်ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ အမှတ် (၇၁)ခြေလျင်တပ်ရင်းကို ပို့လိုက်တာပါ။
နေပြည်တော်ပျဥ်းမနားမြို့နယ် ၊ကျီးဖြူရိုးရွာမှာ ဒီဇင်ဘာ ၄ ရက် ည ၈ နာရီကျော်မှာ ရွာထဲလမ်းလျှောက်နေတဲ့ လူငယ်သုံးဦး ကို လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားမီးနဲ့ထိုးပြီးလိုက်ဖမ်းပါတယ် ။ အဖမ်းခံရသူ ၃ ဦးထဲမှာ ၂ ယောက်က တအိမ်တည်းက ညီအစ်ကို ၂ ယောက်ဖြစ်နေတာမို့ မိဘတွေက ငိုယိုတောင်းပန်တာမှာ မိဘတွေကိုပါးတွေရိုက် ဆဲဆိုပြီးမှ ၁ယောက်ပြန်လွှတ်ပေးလိုက်ပါတယ် ။
အထက်ပါဖြစ်ရပ်က လူငယ်တွေဟာ ဘာပြစ်မှုမှကျူးလွန်ထားခြင်းမရှိပဲ အတင်းအဓမ္မဖမ်းဆီးပြီးစစ်သားသစ်စုဆောင်းခံလိုက်ရတာဖြစ်ပါတယ်။ အလားတူပဲ ဒီရက်ပိုင်း နိုင်ငံတစ်ဝန်းက လူငယ်ရာပေါင်းများစွာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကိုခံနေရတာဖြစ်ပါတယ် ။
တစ်နည်းအားဖြင့်တော့ ဘာပြစ်မှုမှ ကျူးလွန်မထားတဲ့ လူငယ်တွေ သေဒဏ်ချမှတ်ခံရတာဖြစ်ပါတယ် ။စစ်ကောင်စီစိုးမိုးထားနိုင်သေးတဲ့ နေပြည်တော် ၊ရန်ကုန် ၊မန္တလေး၊ဧရာဝတီ ၊ပဲခူး တိုင်းစတဲ့ဒေသတွေမှာ အဓိကရင်ဆိုင်နေရတာဖြစ်ပါတယ်။
သေမိန့်လို့ဘာကြောင့်ခေါ်လဲ ဆိုရင် ဒီလပိုင်းနိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးတာ ၊ဒဏ်ရာရတာ ၊ဖမ်းဆီးခံရတာအများစုဟာ စစ်မှု မထမ်းမနေရ ဥပဒေနဲ့ စုဆောင်းခံထားရတဲ့စစ်သားသစ်တွေဖြစ်နေလို့ပါပဲ ။အထူးသဖြင့်ရခိုင်ပြည်နယ် မှာ တစ်မြို့ပြီး တစ်မြို့သိမ်းနေတဲအာရက္ခတပ်တော်(AA)က အမ်း၊မောင်တော ၊တောင်ကုတ် ၊ဂွ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီပို့လာသမျှ စစ်ကူစစ်သားတွေကို ချေမှုန်းနေတာဖြစ်ပါတယ် ။
မြန်မာနိုင်ငံမြောက်ပိုင်းမှာလက်စွမ်းထက်လှတဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မဟာမိတ်တွေကလည်း မြန်မာ-တရုတ်နယ်စပ်ကမြို့အကုန်သိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်အုပ်စုကိုချေမှုန်းနေပါတယ် ။ ချင်းပြည်နယ်မှာလည်း ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက မင်းတပ် ၊ဖလမ်းမြို့သိမ်းတိုက်ပွဲ ၊ စစ်ကိုင်းတိုင်းမှာ PDF တွေက အင်းတော်မြို့သိမ်းတိုက်ပွဲ တွေဆင်နွှဲနေသလို ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ကရင်နီပြည်၊ကရင်ပြည်နယ် ၊မကွေးတိုင်း ၊ပဲခူးတိုင်း ၊မန္တလေးတိုင်း စတဲ့ဒေသတွေမှာလည်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတာပါ။
ဒါကြောင့် တရုတ်နိုင်ငံအကူအညီ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေလျော့နည်းသွားပြီး ဟန်ကျပြီထင်နေတဲ့ အာဏာသိမ်းစစ်အုပ်စုအတွက်ကျန် နိုင်ငံ့အစိတ်အပိုင်းနေရာစုံကတိုက်ပွဲတွေကြောင့် အထိနာတာ ဟန်တောင်မဆောင်နိုင်တော့ပါဘူး ။ ပို့သမျှစစ်ကူစစ်ကြောင်းတိုင်းကိုပါ လမ်းမှာတင် စစ်ကြောင်းပျက်အောင် တိုက်နေတဲ့ အာရက္ခတပ်တော်ရဲ့ စစ်ရေစွမ်းရည်ကြောင့် လည်း စစ်သားတွေဟာ ရခိုင်သွားရမယ်ဆိုရင် ကြောက်လန့်ပြီးထွက်ပြေးတဲ့အခြေအနေ ဆိုက်လာပါတယ် ။
စစ်သားသစ်တွေဟာရှေ့တန်းတကယ်ပို့ခံရပြီးတကယ်သေနေတယ် ဆိုတာကို မောင်တော ၊သံတွဲ မြို့နယ်တိုက်ပွဲ တွေအပါအဝင် အရက္ခပြည်ကတိုက်ပွဲတွေ ၊ ကရင်ပြည်နယ်ဒေါနတောင်က အောင်ဇေယျစစ်ကြောင်းချေမှုန်းခံရတဲ့ဖြစ်စဥ် ၊ လောလောလတ်လတ် ကရင်နီပြည် လွိုင်ကော်မြို့နယ်မှာ စစ်ကြောင်းပျက်သွားတဲ့ ခလရ (၈၈) စစ်ကြောင်း ဖြစ်စဥ် ၊ ၁၀၂၇ ဒုတိယလှိုင်း တိုက်ပွဲတွေ့ကိုလေ့လာကြည့်ရင်အလွယ်တကူသိနိုင်ပါတယ် ။
ဒါကြောင့် စစ်သင်တန်းဆင်းပြီးလို့ ရှေ့တန်းထွက်ရမယ်ဆိုတာနဲ့ ဘယ်ဒေသကိုပဲ သွားရ၊သွားရ စစ်သားသစ်တွေအတွက် သေမိန့်ချ ခံရတာနဲ့အတူတူဖြစ်လာပါတယ် ။ပိုဆိုးတာကတော့ နေ့စဥ်ပြည်သူတွေကို သတ်ဖြတ် ၊ဖမ်းဆီးအကြမ်းဖက် ၊နေအိမ်တွေမီးရှို့နေတဲ့ စစ်ကောင်စီ တပ်ထဲရောက်သွားရင် မစစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အုပ်စုကြီးရဲ့အစိတ်အပိုင်းဖြစ်သွားတာမို့ လူမသေခင် နာမည်ပါအရင်သေတာဖြစ်ပါတယ် ။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုတိယစစ်ဦးစီးချုပ်မာဝီက စစ်သားသစ်စုဆောင်းခံရတာဖြစ်လည်း စစ်ယူနီဖောင်းဝတ်ပြီး သေနတ်ပြောင်းပြည်သူဘက်လှည့်ပြီ ဆိုတာနဲ့ ပြည်သူ့ရန်သူဖြစ်သွားပြီမို့ ဘယ်သူ့ကိုဖြစ်ဖြစ် ပြတ်ပြတ်သားသားချေမှုန်းမယ်လို့ပြောထားပါတယ် ။
ဒါကြောင့် ပြည်သူတွေဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းရတော့မယ်ဆိုတာနဲ့ သေဒဏ်ချခံရတာပဲလို့ သဘောထားပြီးလွတ်မြောက်အောင်ကြိုတင်စီစဥ်ထားကြဖို့ အလွန်အရေးကြီးပါတယ် ။ကိုယ်သားသမီး ဆွေမျိုး မပါရင် ပြသာနာမရှိဘူးလို့လည်း အတ္တမကြီးကြီးဖို့လိုပါတယ် ။ဘယ်သူ့သားသမီး အဆွဲခံရတာဖြစ်ပါစေ ပြည်သူ့အနာဂါတ်တွေ ပြန်ပေးဆွဲခံရတာမို့ အချင်းချင်းဖေးမပြီး လွတ်မြောက်ရေးအတူရုန်းကြဖို့လည်းလိုပါတယ် ။
CDM ဗိုလ်ကြီးလင်းထက်အောင်က “အဓိကတော့ သူတို့ရဲ့လျော့နည်းလာတဲ့ အင်အားက ဖြည်းဖြည်းချင်းလျော့နည်းတာမဟုတ်ပဲ အုံလိုက်ကျင်းလိုက်ကို ဒီ၂၀၂၄ အတွင်းမှာ ပိုပြီးဆိုးတယ်။စကစဌာနချုပ်တွေ တိုင်းစစ်ဌာနချုပ်တွေ ပျက်ဆီးမှုတွေက သူတို့ရဲ့အင်အားတွေကို သိသိသာသာကိုလျော့နည်းသွားစေနိုင်တယ်။ အဲဒါကြောင့်မိုလို့ အဓမ္မဖမ်းဆီး ခေါ်ဆောင် မှုတွေ ကို ပိုပိုလုပ်မယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်”လို့သုံးသပ်ပါတယ် ။
စစ်ကောင်စီက မတ်လကုန်မှာပဲ အလောတကြီးအသက်သွင်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့်အခုဆိုရင် နိုင်ငံတစ်ဝန်းမှာလူငယ်သောင်းနဲ့ချီ့ပြီး ဘဝတွေ ပျက်စီးခဲ့ရပါတယ် ။စစ်အုပ်စုကအခုဆိုရင် စစ်မှုထမ်းဥပဒေနဲ့ ခေါ်တဲ့သင်တန်းအပါတ်စဥ် ၅ ကြိမ်ဆင်းပြီးလို့ သင်တန်း အပါတ်စဥ် ၆ ကိုသင်တန်းပေးနေတာပါ ။ဒါကြောင့် ဒီ ၆ ကြိမ်မှာ အသက် ၁၈ နှစ်က ၃၅ နှစ်အတွင်းလူငယ် နှစ်သောင်းခွဲလောက်ကနေ သုံးသောင်းလောက်ဟာ
စစ်ရာဇဝတ်သားတွေအဖြစ်ဇွတ်သွပ်သွင်းခံရတာဖြစ်ပါတယ် ။နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ ဒီထဲက မနည်းတဲ့ ကိန်းဂဏန်းရှိတဲ့စစ်သားတွေသေဆုံး၊ဒဏ်ရာရပြီးလည်းဖြစ်ပါတယ် ။
အခုလပိုင်းအတွင်းဇွတ်လိုက်ဖမ်းခေါ်နေတဲ့ စစ်သားသစ်တွေဟာ သင်တန်းအမှတ်စဥ် ၇ နဲ့ ၈ အတွက်လို့စုံစမ်းသိရပါတယ် ။အစောပိုင်းအသုတ်တွေမှာတော့ စစ်တပ်ကိုထောက်ခံသူ ၊လိုလိုချင်ချင်စစ်ကောင်စီတပ်သားလုပ်ချင်သူတွေပါနိုင်ပေမယ့် သင်တန်းအပါတ်စဥ်ဂဏန်းကြီးလာတာနဲ့အမျှ စစ်သားမလုပ်ချင်တဲ့ သူပိုများလာပါတယ်။ဒါကြောင့်လည်းစစ်အုပ်စုကအိမ်တွေ ၊လက်ဖက်ရည်ဆိုင်တွေ ၊ကားတွေ ပေါ်မှာပါအဓမ္မ လိုက်ဖမ်းပြီး ရှေ့တန်းကိုလွှတ်အသေခံခိုင်းဖို့လုပ်နေကြတာပါ ။
မတရားတာကတော့ စစ်တပ်ကိုချစ်ပါတယ်၊စစ်တပ်ကိုကာကွယ်မယ်ဆိုတဲ့ဆိုတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ကစပြီး စိုးဝင်း ၊ အောင်လင်းဒွေး ၊ရာပြည့် စတဲ့ အာဏာလု စစ်ခေါင်းဆောင်တွေ ၊စစ်ကောင်စီ အရာရှိကြီးတွေရဲ့ သားသမီးတွေကြစစ်သားသစ်မလုပ်ရပဲ ဖိနှိပ်ခံပြည်သူတွေရဲ့ သားသမီးတွေကိုသာ အာဏာရှင်တွေအတွက် ရှေ့တန်းလွှတ်စစ်တိုက်ခိုင်းနေတာဖြစ်ပါတယ် ။
ဒါကြောင့်မရားတဲ့ အမိန့်တွေ ၊ဥပဒေတွေကို ပြည်သူတွေက လိမ္မာပါးနပ်စွာဖီဆန်ပြီး ကိုယ့်ရဲ့ရင်သွေးတွေ သေဒဏ်ချမခံရအောင် ကြိုးစားကြဖို့လို့ပါတယ် ။
“အခုချိန်မှာတော့ စစ်မှုထမ်းဥပဒေကိုရှောင်ရှားပြီးလုပ်နိုင်တဲ့ အဖွဲ့တွေ လူငယ်တွေလည်း အများအပြားရှိပါတယ်။ ငါတို့ကတော့ မျက်စိစုံမှိတ်ထည့်လိုက်တော့မယ်ဆိုရင် ကိုယ့်ရဲ့သားသမီး ကိုယ့်ရဲ့ ဆွေမျိုးရင်းချာတွေကို သေတွင်းထဲတွန်းပို့လိုက်တဲ့ပုံစံမျိုးကိုရောက်စေတယ်။ဒါကြောင့်မိုလို့ ကျွန်တော်တို့ လူငယ်တွေ မိဘတွေအနေနဲ့ တတ်နိုင်သမျှ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးရှောင်ရှားတာက အလုံခြုံဆုံးဖြစ်မယ်လို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ လွတ်မြောက်နယ်မြေတွေပေါ်လာပြီ။ စိုးမိုးနယ်မြေတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေများလာပြီ။ တော်လှန်ခြင်းကသာ အခုချိန်မှာအကောင်းဆုံးနည်းလမ်း လို့မြင်တယ်” လို့ CDM ဗိုလ်ကြီးလင်းထက်အောင်ကအကြံပြုပါတယ် ။
တော်လှန်ရေးအဖွဲ့တွေကိုဆက်သွယ်တာ ၊ပူးပေါင်းတာကိုတော့သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးလုပ်သင့်တယ်လို့သူကဆိုပါတယ် ။ စစ်မှုထမ်းဥပဒေကြောင့် စစ်သားမလုပ်နိုင်လို့ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး စစ်တပ်ကိုတော်လှန်နေတဲ့ လူငယ်ထောင်ပေါင်းများစွာလည်း ရှိနေပြီဖြစ်ပါတယ် ။တော်လှန်ရေးအဖွဲ့တွေကို မသိသူ ၊တော်လှန်ရေးအဖွဲ့တွေကို ဘယ်လိုဆက်သွယ်ရမှန်းမသိသူတွေအတွက်တော့ဒီအဆင့်မှာအခက်အခဲရှိမှာဖြစ်ပါတယ် ။ဒါပေမယ့် “လိုရင်ကြံဆ နည်းလမ်းရ “ဆိုသလို အခက်အခဲတွေကို ဖောက်ထွက်နိုင်မယ့်အားထုတ်မှုတော့ရှိကြရမှာဖြစ်ပါတယ် ။
အပေါ်ဆုံးမှာကြုံခဲ့ရတဲ့လူငယ်တွေလို ခရီးသွားနေရင်း ၊ကိုယ်ရပ်ရွာထဲနေ နေရင်းစစ်သားသစ်အဖြစ်အဓမ္မဖမ်းဆီးခေါ်ဆောင်ဇာတ်သွင်းခံရပြီဆိုရင်လည်း အရှုံးမပေးဖို့လိုပါတယ် ။လွတ်မြောက်ဖို့အတွက် သင်တန်းတက်နေစဥ်ကနေ ရှေ့တန်းပို့ခံရတယ်အထိ တလျှောက်လုံးမှာ အခွင့်အရေးရတာနဲ့ထွက်ပြေးဖို့ ၊တော်လှန်ရေးတပ်တွေနဲ့သွားရောက်ပူးပေါင်းနိုင်ဖို့ ဇွဲသတ္တိ၊ ဝရိယ နဲပညာဥာဏ်ရှိကြမယ်ဆိုရင် လွတ်မြောက်နိုင်မှာဖြစ်ပါတယ် ။
အခုကြုံနေရတဲ့ ပြသာနာရဲ့ ဇာစ်မြစ်ကစစ်ကောင်စီဖြစ်ပါတယ် ။စစ်ကောင်စီဟာ ဆီးရီးယားမှာ အာဏာရှင် အာဆတ် နဲ့အစိုးရလိုပြုတ်ကျသွားရင် စစ်သားသစ်စုဆောင်းတဲ့ပြသာနာလည်းဖြေရှင်းပြီးဖြစ်မှာဖြစ်ပါတယ် ။ဒါကြောင့် ပြည်သူ့တော်လှန်ရေး အောင်ပွဲမြန်မြန်ရလေလေ ၊ပြည်သူတွေ ဒုက္ခခံစားရတာသက်သာလေဖြစ်ပါတယ်။
ဒါကြောင့်အဆုံးသတ်အဖြေကတော့ ပြည်သူ့တော်လှန်ရေးအောင်ပွဲရဖို့ ၊မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အာဏာရှင်အုပ်စု ပြုတ်ကျရေး က အဓိကပဲဖြစ်ပါတယ် ။နွေဦးတော်လှန်ရေး အောင်ပွဲရဖို့ ပြည်သူတဦးချင်းက လုပ်နိုင်တာ ပါဝင်နိုင်တာတွေ အားလုံးမှာပိုအားထုတ်လုပ်ကိုင်ကြဖို့ လိုပါတယ် ။
ပိုတာဝန်ပိုရှိသလို လုပ်နိုင်ကိုင်နိုင်စွမ်းလည်းပိုရှိတဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံအနာဂါတ်လူငယ်တွေကိုကယ်တင်နိုင်ဖို့ ပြည်သူ့တော်လှန်ရေးအောင်ပွဲအမြန်ရအောင် ပိုကြိုးစားပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ် ။ ။