Connect with us

Hi, what are you looking for?

အတွေးအမြင်

အညတရပျောက်ဆုံးခြင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။

၅၅၉ရေးသားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ကဖမ်းမိတဲ့ စစ်အကျဉ်းသားတွေအရေးကို ပူးပေါင်းဆောင်ရွက်တဲ့ Coordination Headquarters for The Treatment of Prisoners of War ဌာနကဆောင်ရွက်တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ရှေ့တန်းမှာပျောက်ဆုံးသွားခဲ့ကြတဲ့ရုရှစစ်သားပေါင်းမြောက်များစွာကိုရှာဖွေ ချင်နေကြတဲ့သူတို့မိသားစုတွေကိုကူညီဖို့ပါပဲ။ ထူးခြားတာကတော့ ကျူးကျော်ခံရတဲ့နိုင်ငံက ကျူးကျော်သူစစ်သားတွေကိုသူတို့မိသားစုတွေနဲ့ပြန်ပေါင်းထုပ်နိုင်ဖို့ကြိုးပမ်းအားထုတ်တာပဲဖြစ်ပါ တယ်။

Public Service Announcement

Public Service Announcement

အခုထက်ထိ I Want to Find ပရောဂျက်ကိုရဲရဲဝံ့ဝံ့နဲ့ဆက်သွယ်လာတဲ့ ရုရှမိသားစုပေါင်း၅၀,၀၀၀ ကျော်ရှိပြီလို့ဒီစီမံကိန်းကဆိုပါတယ်။ အမှန်တကယ်ပျောက်ဆုံးတဲ့အရေအတွက်ဟာဒိထက် အဆပေါင်းများစွာရှိမယ်လို့နိုင်ငံတကာကခန့်မှန်းကြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့စစ်ပွဲအတွင်းပျောက်ဆုံးနေတဲ့မိသားစုဝင်တွေကို ရန်သူယူကရိန်းအစိုးရအကူအညီနဲ့ ရှာဖွေဖို့ ကြိုးစားခြင်းဟာ ရုရှမှာတော့ နိုင်ငံတော်ပုန်ကန်မှုလောက်အပြစ်ကြီးလို့ပါပဲ။

စစ်ပွဲအတွင်းပျောက်ဆုံးကြတာ (Missing in Action-MIA)ဟာစစ်ရဲ့သဘာဝတစ်ခုပါပဲ။ပျောက်ဆုံးသူစစ်သားဟာစစ်အကျည်းသားအဖြစ်အဖမ်းခံနေရတာ၊ဒါမှမဟုတ်ထွက်ပြေးပုန်းအောင်းနေတာ၊ ဒါမှမဟုတ်ကျဆုံးသွားတာဖြစ်နိုင်ပါတယ်။ ဒါဟာသဘာဝတစ်ခုပါ။

သဘာဝမကျတာကတော့ ရုရှအစိုးရရဲ့တုန့်ပြန်မှုပါပဲ။ပျောက်ဆုံးနေတဲ့စစ်သားတွေအကြောင်း သိချင်နေကြတဲ့မိသားစုဝင်တွေရဲ့မေးမြန်းစုံစမ်းမှုကိုဥပေက္ခာပြုထားတာဖြစ်ပါတယ်။ ကိုယ့်အတွက်တိုက်ပွဲဝင်ပေးတဲ့သူတွေကိုလူတစ်ယောက်အဖြစ်တန်ဖိုးမထားတဲ့စနစ်ပါ။ (မြန်မာတွေအတွက်တော့အဆန်းမဟုတ်တော့ပါဘူး) ကိုယ့်အစိုးရဆီကအကူအညီမရတဲ့ ရုရှ မိသားစုဝင်တွေဟာ ရန်သူအစိုးရအကူအညီနဲ့ ပျောက်ဆုံးသူတွေကိုရှာဖွေကြရတာပါ။

မိသားစုဝင်တွေဟာ Telegram Chatbot ကတစ်ဆင့်ရှာဖွေချင်တဲ့လူရဲ့အချက်အလက်တွေနဲ့ မေးမြန်းရတာဖြစ်ပြီး ယူကရိန်းဖက်ကသူတို့မှတ်တမ်းတင်ထားတဲ့Databaseနဲ့တိုက်ကြည့်စစ်ဆေးပေးတာဖြစ်ပါတယ်။

I Want to Find ပရောဂျက်ဟာယူကရိန်းကိုနိုင်ငံရေးအရသိသိသာသာအသာစီးရစေပါတယ်။ နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာထောက်ထားမှုဥပဒေတွေကိုယူကရိန်းကလိုက်နာကြောင်း သက်သေထူနိုင်ရုံမကပဲ၊ နှစ်နိုင်ငံပြည်သူတွေကြားမှာလည်း စာနာနားလည်မှုကိုမြင့်တက်စေပါတယ်။

၂၀၂၅ မတ်လတစ်လအတွင်းမှာ ဒီပရောဂျက်ကို ရုရှမိသားစုတွေစုံစမ်းမှုကအကြိမ်ပေါင်း၁၀,၀၂၇ ကြိမ်ရှိခဲ့ပါတယ်လို့ဆိုပါတယ်။ ယူကရိန်းမှာရုရှတပ်သားကျဆုံးမှုကလည်းအတော်များပုံရပါတယ်။ ယူကရိန်းစစ်တပ်ကပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာစစ်ပွဲစတင်တဲ့အချိန်ကစပြီး ရုရှစစ်သား၈ သိန်း နီးနီးကျဆုံးခဲ့ပြီလို့ပြောပါတယ်။

ဘီဘီစီနဲ့လွတ်လပ်တဲ့ ရုရှသတင်းဌာနတစ်ခုဖြစ်တဲ့ Mediazona တို့ရဲ့ပူးပေါင်းပြုလုပ်တဲ့သုတေသန အရတော့နာမည်နဲ့အတိအကျမှတ်တမ်းတင်နိုင်တဲ့ စာရင်းအရ ရုရှတစ်သိန်းကျော်ကျဆုံးခဲ့ပြီလို့ ဆိုပါတယ်။ (en.zona.media မှာလေ့လာလို့ရပါတယ်။)

I Want to find ပရောဂျက်အအရင်မှာ I Want to Live (ကျွန်ုပ်အသက်ရှင်ချင်ပါတယ်)ဆိုတဲ့ပရောဂျက်ကိုယူကရိန်းအစိုးရကလုပ်ခဲ့တာပါ။လက်နက်ချချင်တဲ့ရုရှနဲ့ ဘယ်လာရုစ်စစ်သားတွေ ဆက်သွယ်အကူအညီတောင်းဖို့ဖြစ်ပါတယ်။

လက်နက်ချသူတွေကိုဂျနီဗာကွန်ဗန်းရှင်အရထိန်းသိမ်းပေးထားမယ်လို့ဒီစီမံကိန်းကအာမခံခဲ့ပါတယ်။ဒီစီမံကိန်းမှာလည်း Telegram ချန်နယ်ကတဆင့်လှမ်းဆက်သွယ်ခဲ့ကြရတာဖြစ်ပါတယ်။ ၂၀၂၂ စစ်စတင်ဖြစ်ပွားတဲ့အချိန်မှာစတင်ခဲ့တာဖြစ်ပြီးပထမတစ်လအတွင်းမှာ ရုရှစစ်သားပေါင်း၃,၀၀၀ခန့် ဆက်သွယ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယူကရိန်းအစိုးရဟာ Come Back Alive from Ukraine (ယူကရိန်းကနေအသက်ရှင်လျက် ပြန်လာခဲ့ပါ)ဆိုတဲ့ပရောဂျက်ကိုလည်းလုပ်နေပါတယ်။ ဒီအစီအစဉ်မှာ အရေးပေါ်ဖုန်းနံပါတ်တွေ ပေးထားပြီး ရုရှမိသားစုတွေကဆက်သွယ်စုံစမ်းနိုင်ကြတာဖြစ်ပါတယ်။ ဒီဖုန်းလိုင်းကတစ်ဆင့် ရုရှစစ်သားတစ်ဦးအကူအညီလှမ်းတောင်းတာကို စီအင်အင်သတင်းဌာနကစောင့်ကြည့်နားထောင်ပြီး သတင်းတင်ဆက်ခဲ့ပါတယ်။

ယူကရိန်းစစ်မြေပြင်တွေမှာရုရှစစ်သားအလောင်းတွေပြန့်ကြဲနေပြီး ရုရှစစ်တပ်ကသူတို့ကို ပြန်သယ်ဖို့ဒါမှမဟုတ် ဒီအင်အေကောက်ယူဖို့လုံးဝစိတ်မဝင်စားဘူးလို့ ယူကရိန်းစစ်တပ်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Kyiv Independent သတင်းစာမှာဆိုပါတယ်။ရုရှကာကွယ်ရေးဝန်ကြီး အန်နာဆီဗီယိုဗာကတော့ ဒီအင်အေပေါင်း ၄၈,၀၀၀ ကျော်ကောက်ယူထားပါတယ်လို့ပြောပါတယ်။

နောက်ထပ်ယူကရိန်းစေတနာ့ဝန်ထမ်းတစ်ဖွဲ့ကတော့ IT Army ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့ကတော့ရှေ့တန်းကျဆုံးသွားကြတဲ့ရုရှစစ်သားတွေရဲ့သတင်းအချက်အလက်ဒါမှမဟုတ် ဓါတ်ပုံတွေကို အွန်လိုင်းပေါ်မှာတင်ပေးကြတာပါ။

မကြာသေးမီက ရုရှစစ်သားတစ်ဦးရဲ့မိခင်ဆီကို ယူကရိန်းအမျိုးသမီးကြီးတစ်ဦးကဖုန်းဆက်ခဲ့ပါတယ်။ရုရှစစ်တပ်ဆုတ်ခွါသွားတဲ့နေရာမှာမှတ်စုစာအုပ်တစ်အုပ်ကိုသူမကောက်ရထားတယ်လို့စေတနာနဲ့ လှမ်းပြောတာဖြစ်ပါတယ်။ ရုရှမိခင်ကသူမသားရဲ့စာအုပ်ဖြစ်နေလို့ အတော်စိုးရိမ်ခဲ့ရှာပါတယ်။

သူတို့နှစ်ယောက်အပြန်အလှန်စကားတွေပြောခဲ့ကြပြီး တကယ်လို့ သူမသားသာကျဆုံးသွားခဲ့ရင် ကောင်းမွန်စွာသင်ဂြိုဟ်ပေးမယ်လို့ ယူကရိန်းအမျိုးသမီးကြီးက ကတိပေးခဲ့ပါတယ်တဲ့။ရက်အနည်းငယ်အကြာမှာတော့ သူမရဲ့သားဟာအသက်ရှင်နေသေးတယ်ဆိုတာကို ရုရှမိခင် သိလိုက်ရပါတယ်။ သူတို့စစ်မျက်နှာကပြန်ဆုတ်တဲ့အချိန်မှာ စာအုပ်ပြုတ်ကျကျန်ရစ်နေတာလို့ သူမသားက ဆိုပါတယ်။

“ဒီဖြစ်ရပ်ပြီးကတည်းက(ရုရှ)အစိုးရ အပေါ်မှာရှိတဲ့အမုန်းဟာပိုကြီးမားလာတယ်လို့ ရုရှမိခင်က The Moscow Times ကိုပြောပြပါတယ်။

(TheMoscow Timesဟာနယ်သာလန်မှာအခြေစိုက်တဲ့ရုရှသတင်းဌာနတစ်ခုဖြစ်ပါတယ်)။ ။

ဆက်စပ်သတင်းများ